mdn

၃ သြဂုတ်

 

အနုပညာပျိုးခင်းကနေ အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပြီး  " ဘောစိ" ရုပ်ရှင် ဇာတ်ကားတွင် တက္ကသိုလ်ဂွမ်းပုံ၏ တူမအဖြစ် သရုပ်ဆောင်ရာမှ ပရိသတ်သတိထားမိလာသည့် တက်သစ်စ မင်းသမီးလေးတစ်ဦးဖြစ်သည့် သရုပ်ဆောင် ရတနာဗိုအနေဖြင့် မကြာမီက ရုံတင်ပြသသွားခဲ့သည့် " ကာဗွန်ဒိုင်အောက်ဆိုဒ်" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိကနေရာဖြစ်သည့်  " မကျွတ်မလွတ်သေးသော ဝိဉာဉ်ဘဝနှင့်  မိမိအားအဖွဲ့လိုက် Rape ပြုလုပ်သွားသူ နှင့်  နောက်ကနေ ခေါင်းဆောင်သူတွေကို ဂလဲ့စားချေသူအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါ  ဇာတ်ကားထဲမှာ ဇာတ်ဝင်ခန်းအချို့ကြောင့် အခက်တွေ့ခဲ့ရမူနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောလာသည်။

 

"ဒီကားက ပရိတ်သတ်အတွက် ပညာပေးကားမျိုးလည်း ဟုတ်တယ်၊ ဖျော်ဖြေရေးအတွက်ရောပေါ့၊ သက်ရောက်ပါတယ်။ ကိုဝိုင်းက ဒီကားနဲ့ပတ်သက်ပြီး ကမ်းလှမ်းတယ် ဒီကားမှာ သရဲမလုပ်ရမယ်လို့ပြောတုန်းကတော့ ဘာမှမဖြစ်ဘူး Rape လုပ်ခံရမယ်ပြောတော့ စိတ်ထဲမှာတစ်မျိုးကြီး ဖြစ်သွားတယ်။ နောက်ပြီး Rape ကလည်း အုပ်စုလိုက် Rape ဆိုတော့ ငါရိုက်ရဲပါ့မလား ဖြစ်ပါ့မလားပေါ့၊ ငါရှက်နေရင် အိုက်တင်လုပ်နိုင်ပါ့မလားပေါ့၊ အုပ်စုလိုက် Rapeလုပ်ခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ခံ စားချက်ကရော ဘယ်လိုရှိမလဲပေါ့ အများကြီးတွေးခဲ့တယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာလည်း အကောင်းဆုံးသင်ကြားပေးခဲ့တယ်။

 

ညီမဘက်ကလည်း အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ပါတယ်။ ကိုဝိုင်းက သူ့တပည့်တွေ အနုပညာသမားတွေကို မကြိုက်မချင်းသင်ပေးတယ်၊ ညီမ Rape လုပ်ခံရတဲ့အခန်းဆိုရင် ညီမကိုအော်ခိုင်းတယ်။ နာနာကျည်းကျည်းအော်ပေါ့ ညီမကမအော်ရဲဘူး၊ ရှက်နေတယ်။ အော်တော့အော်ပေမဲ့ ကိုဝိုင်းလိုချင်တဲ့ပုံစံမရောက်ဘူးဖြစ်နေတယ်။ ညီမကိုဘေးနားမှာ ရှိတဲ့တုတ်နဲ့ရိုက်လိုက်တယ်၊  အဲ့ဒီတော့မှ ညီမအော်လိုက်တာကို ရသွားတယ်။ ကိုဝိုင်း က အဲ့လိုသေသေချာချာသင်ပေးပါတယ်။ နောက်ပြီး Rape လုပ်တဲ့အခန်းက လူငါးယောက်က ညီမကို ဖွဲအိတ်တွေပေါ်ပစ်တင်တဲ့အခန်းဆိုရင် ကြည့်တော့သာခဏလေးရယ် ညီမဆိုရင်အဲ့ဒီဖွဲအိတ်ပေါ်ပစ်ချခံရတာအခေါက်(၂၀)ကျော်လောက်ရှိတယ်။ ပစ်ချတဲ့ပုံမဟုတ်တာနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်တာလေးတွေရှိတော့လေ ဖွဲအိတ်ဆိုပေမယ့် ခဏခဏပစ်ချခံရတော့ နှစ်ရက်လောက်က ရေချိူးတော့ ဆပ်ပြာတိုက်ရင်တောင် အတိုက်မခံနိုင်ဘူး၊ ကိုယ်တွေလက်တွေနာပြီးတော့ လေတစ်ရက်လောက် ဖျားသွားတယ်။ အဲ့ဒီRape လုပ်ခံရတဲ့ အခန်းမရိုက်ရမချင်း စိတ်ကတင်းနေတာ။ အဲ့အခန်းရိုက်ရင် ငါဘယ်လိုအိုက်တင်လုပ်ရမလဲမသိဘူး၊ အဖွဲ့လိုက်Rapeလုပ်ခံရတဲ့မိန်းကလေးတစ်ယောက်နေရာမှာ ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုခံစားရမလဲ၊ ဘယ်လောက်ထိနာကျဉ်မလဲပေါ့၊ သူအဲ့အချိန်မှာ ဘယ်လောက်တောင် လွတ်မြောက်ချင်မလဲပေါ့၊ အဲ့လိုမျိုးတွေးနေတာရိုက်ပြီးမှပဲ စိတ်ချလက်ချဖြစ်သွားတော့တာ ဒီအခန်းကို ငါအကောင်းဆုံးဖြစ်အောင် လုပ်နိုင်တယ်ဆိုပြီးတော့ပေါ့။ မကောင်းတဲ့အမှု၊ မကောင်းတဲ့အရာတွေကို လုပ်ရင်ကိုယ်ဘယ်လိုပြန်ပြီး ခံစားရတယ်ဆိုတာတွေ ပညာပေးပါပါတယ်။ 

 

မိန်းကလေးတွေက အဓိကက အယုံအကြည်မလွယ်ဖို့ကိုယ်နဲ့ အရမ်းမရင်းနှီးတဲ့သူတွေကို  အယုံအကြည်မလွယ်ဖို့ ကိုယ့်ကိုကိုယ်ကာကွယ်တက်ဖို့ အများကြီးအရေးကြီးတယ်။ အခုနောက်ပိုင်းဆိုလည်း မုဒိမ်းမှုတွေ ခဏခဏဖြစ်တယ်။ သက်ငယ်မုဒိမ်းတွေလည်း ခဏခဏကြားနေရတယ်။ အဲ့လိုကြောင့် မိန်းမတစ်ယောက်ဖြစ်ရတာ တော်တော်လေးကို ထိန်းသိမ်းစောင့်ရှောက်ရတာတွေ များပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့၊ ပညာဉာဏ်ရှိဖို့လည်းလိုပါတယ်။ တစ်ချို့လူတန်းစားတွေအတွက် ပညာများများရအောင် ဗဟုသုတများများရအောင် လုပ်ပေးသွားသင့်တယ် ဗဟုသုတရမဲ့ကားမျိုးတွေ ရိုက်ပေးသင့်တယ်လို့ထင်ပါတယ်။

 

ဒီကားရိုက်တုန်းကအမှတ်တရတွေက အများကြီးရှိတယ်။ အခုလည်းပြန်ကြည်တဲ့အချိန်မှာ သရဲမဖြစ်တဲ့ကိုယ့်ရုပ်ကိုကြည့်ပြီး အရမ်းလန့်သွားတယ်။ နောက်ပြီးလောက်အကောင်အစစ်တွေကို ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်လက်တွေပေါ်မှာတင်ရိုက်ခဲ့ရတယ် အဲ့ဒါတွေကလည်း အမှတ်တရတွေပါ။ တစ်ကယ်ကိုပဲ ကိုဝိုင်းက လောက်အစစ်တွေဖောက်ထားတာ ကြွက်သေကရတဲ့ လောက်တွေလေ၊ နောက်ရေခဲတိုက်လိုအခန်းတွေမှာရိုက်ခဲ့ရတဲ့အခန်းတွေကတော့အမှတ်တရတွေပါပဲ" ဟုပြောသည်။

 

ကိုလင်း