အောဆွန်းလားဆိုင် ပင်ယံထက်ဆီက ဆွတ်ဆွတ်မြမြ ငှက်ရွှေဥဩ၏တွန်ကျူးသံသည် ဖူးသစ်စနွေဦးဝယ် လွမ်းမောဖွယ်ရာ ရင်ကိုအေးချမ်းနေသကဲ့သို့ ထနောင်းပင်ပျိုစိမ်းစို အကိုင်းအခက်များကြားမှ သီကြွေး တေးဆိုနေသော ချိုးငှက်ငယ်၏ ငြိမ်းချမ်းရေး ဂီတသံကလည်း မြန်မာ့နှစ်ဦး မြမြဖူးကိုကြိုဆိုနှုတ်ခွန်းဆက်နေသည့်အလား။ နေပူပူနွေဆူဆူကိုပင် မေ့မေ့ပျောက်ပျောက်ရှိ၏။ နွေနေရောင်ခြည်ကား ဝိုးဝိုးဝင်းဝင်းထွန်းလင်း လျက်။ ကျွန်တော်တို့၏အမျိုးအဆွေ ကရင်တိုင်းရင်းသားသွေးချင်းတွေကတော့ “ဇွဲကပင်နွေဦး” ရောက်ဖို့ အမျှော်လင့်ကြီး မျှော်နေကြသည်။ အို ဇွဲကပင် “အောဆွန်းလားဆိုင်” ကျန်းမာရွှင်လန်းပါစေ။ ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ ဇွဲကပင်ခန်းမ၏တည်ငြိမ်ခံ့ညားမှုနှင့် ကန်သာယာရေပြင်ကြီး၏ ကြည်လင်အေးမြမှုကို ကြည့်ရှုခံစားရင်း “ဗန္ဓဝဂီရိ” ဇွဲကပင်တောင်အထွတ်ဆီမှ ဆံတော်ရှင်မြတ်ဘုရားဆီသို့ အာရုံညွတ်နူးကာ ဦးခိုက်ပူဇော် ဖူးမြော်လိုက်ပါ၏။ ကြီးမြတ်လှပါသော တောင်တော်ဇွဲကပင်။ ဇွဲကပင်နွေဦးကို ဖက်လဲတကင်း ကမ်းလင့်ကြိုဆိုလျက်ရှိကြသော သွေးချင်းကရင်လူငယ် မောင်မယ်တို့သည် ဘားအံမြို့တော်၏ သီရိကွင်းတစ်ခိုဝယ် ဂိမန္တပွင့်ပန်းများကို တရှိုက်မက်မက် နမ်းကြူမွှေးမြလျက်။ ဇာတိရပ်ရွာ မြေသင်းခဲများကို တွယ်ဖက်လို့ မြေသင်းရနံ့များကို ရှူရှိုက်ရင်ခုန်လျက်။ ဘားအံမြို့ပေါ် ရွှေယဉ်မျှော်စေတီတော်နှင့်တကွ အားလုံးသော စေတီပုထိုးများ၊ ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ဘုရင့်ညီနောင်ဂူ စသည့် ဂူဘုရားအဆူဆူတို့၏ ခေါင်းလောင်းသံ၊ ဆည်းလည်းသံများ၊ မြို့ပြ နှင့် ကျေးလက်များဆီက ချမ်းမြေ့ချိုလွင်သော ဓမ္မခေါင်းလောင်းသံများသည် သီရိကွင်း၏မြေယံနှင့် ကောင်းကင်ယံထက်ဝယ် ကြည်နူးစဖွယ် ညိုးညိုးညံညံ လွင့်ပျံ့လျက်ရှိနေ၏။ ယင်းသို့ ကောင်းချီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံချမ်းသာနေကြရခြင်း အကြောင်းရင်းမှာမူကား ဆွေချမ်းသာမြိုင်စခန်း ဒုံးသံ၊ ကျွဲချိုမှုတ်သံ၊ ဒုံးယိမ်းကခုန်ဟန်များနှင့် ထုံမွမ်းနေသော ပုံရိပ်တစ်ခုကြောင့်ဟု ညွှန်းဆိုရမည်ဖြစ်ပေ၏။ နှစ်စဉ် နွေဦးဆွတ်မြသည်နှင့်ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွား ရေးအသင်းက ကြီးမှူးဖွင့်လှစ်သည့် ကရင်စာပေနှင့် ယဉ်ကျေးမှုဆရာဖြစ် မွမ်းမံသင်တန်း ကြောင့်ပင် ဖြစ်ပေသည်။ ယခု ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်မှ ဧပြီ ၁၁ ရက်အထိ ဖွင့်လှစ်သော သင်တန်းသည် (၄၉)ကြိမ်တိုင်ခဲ့ပြီ။ ပျိုရွယ်သစ်လွင်နိုးကြားလျက်ရှိသော ကရင်ရင်သွေး ငယ်လေးများ၏ ပုံရိပ်လွှာများကို ကြည့်မဆုံး ဖြစ်လျက် ဆေးတံ ပါးစောင်မှာခဲထားကြသော ဖထီးတို့၊ ကွမ်းယာတမြုံ့မြုံ့ဝါးနေကြသော အမိုးတို့၏အပြုံးပန်းများသည် ငြိမ်းချမ်း၍ စိမ်းလန်းအေးမြနေပါသည်။ အဿကဏ်ဒီသံလွင်မြစ်မင်းကား တည်ငြိမ်ရင့်ကျက်နေဘိသို့ စီးမြဲစီးလျက်။ မြစ်ပြင်ကျယ်၏ ရေပြင်ထက်ဝယ် စုန်ဆန်သွားလာကူးလူးနေကြသော လှေသမ္ဗန်၊ မော်တော်သင်္ဘောတချို့ကိုဆွတ်ပျံ့ကြည်လင်စွာပင် မြင်တွေ့နေရသည်။ ဗန္ဓဝဂီရိ ဇွဲကပင်တောင်တော်သည် မြူခြည်တိမ်ရိပ်များကင်းစင်လျှင် ကြည်လင်သော မိုးကောင်ကင်ပြာပြာကြီး၏ အောက်တွင်ကြံ့ခိုင်တင့်တယ်လှချေ၏။ ဟိုးအရှေ့ဝေးဝေး လှမ်းလှမ်းဆီတွင်မူကား ဒေါနတောင်တန်းကြီး၏ ရင်ငွေ့ကို ထွေးဖက်ထားသော မဟာဗျူဟာ အာရှလမ်းမကြီးအား လမ်းနှင့်ပန်းနှင့် သာသာယာယာ ကျေးရွာဝါဒပြောင်းလဲခဲ့ကြပြီလေ။ သံလွင်မြစ်ဝှမ်းမှ သွေးချင်းကရင်ကျေးရွာများ၊ ကျောက်တောင်ထွတ် တောင်စွယ်များ၊ စိုစိုစိမ်းမြနေသော တောတောင်မို့မို့မောက်မောက်များ၊ ဒေသပေါက်ရောက် သစ်ပင်များ၊ ခင်တန်းလေးများ၊ မျိုးထွေစုံလင်သော သီးပင်စားပင်နှင့် နှစ်ရှည်ရော်ဘာပင်များ၊ ချောင်းငယ်မြောင်းငယ်၊ အင်းအိုင်ကျယ်လေးများ၊ အရှေ့အနောက်တောင်မြောက်ဝဲယာသို့ နေ့ညမရွေး ဆက်သွယ်သွားလာနိုင်သော လမ်းပန် ဆက်သွယ်ရေးများနှင့် လွမ်းမောဖွယ်ရာ ဆွေချမ်းသာ မြိုင်ခြေလမ်းမြိုင်တန်းပါတကား။ နွေစပါးစိုက်ခင်းများ ကလည်း ရွှေဝါရောင် ဝင်းမှည့်လျက်။

 

စာပေနှင့်ယဉ်ကျေးမှု ကရင်စာပေနှင့် ယဉ်ကျေးမှုဆရာဖြစ် မွမ်းမံသင်တန်း၏ ရည်ရွယ်ချက်မှာ ကရင်စာပေနှင့်ယဉ်ကျေးမှု အဓွန့်ရှည်တည်တံ့ခိုင်မြဲပြန့်ပွားစေရန်နှင့် ကျေးရွာအသီးသီးတွင် ဖွင့်လှစ်မည့် ဆင့်ပွားသင်တန်းများအတွက် အရည်အသွေးပြည့်မီသည့် ဆရာများ ပေါ်ထွန်းရေးပင်ဖြစ်သည်။ ပိုးကရင်စာပေနှင့် စကောကရင် စာပေဆိုင်ရာ ရိုးရာယဉ်ကျေးမှုဆိုင်ရာများကို သင်ကြားရာတွင် ပိုးကရင်စာပေကို ဒုတိယတန်းနှင့် စကောကရင်စာပေကို ပထမတန်းအောင်မြင်သူ အသက်၁၇ နှစ် ပြည့်ပြီးသူများ ဖြစ်ကြသည်။ သင်တန်းသား ကရင်သွေးချင်း လူငယ်မောင်မယ်တို့မှာ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်မြို့နယ်များမှဖြစ်ကြပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ ရေးမြို့နယ်နှင့်တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း၊ ထားဝယ်၊ ပုလော မြို့နယ်များမှလည်း ပါဝင်ကာ စုစုပေါင်းသင်တန်းသား (ကျား ၁၅၇၊ မ ၃၃၄) ၄၉၁ ဦးဖြစ်ပါသည်။ စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ သင်တန်း ဆရာ/ဆရာမများ၊ အုပ်ချုပ်မှုဆိုင်ရာများမှ ၁၄၀ စုစုပေါင်း ၆၃၁ ဦး ပါဝင်ခဲ့ကြသည်။ သင်ကြားရေး၊ နေထိုင်စားသောက်ရေး တာဝန်များမှာ အလွန်ကြီးမားများပြားလှ၏။ ဒေသခံစေတနာရှင်များကလည်း ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှုအတွက် စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် ရွှင်လန်း ဝမ်းမြောက်စွာဖြင့် လှူဒါန်းကြသည်မှာလည်း အားရ ကြည်နူးဖွယ်ရာတွေ့မြင်ရ၏။ နိုးကြားတက်ကြွလျက်ရှိကြသော မျိုးဆက်သစ် သွေးချင်းကရင်လူငယ်မောင်မယ်တို့သည် သင်တန်းတွင် စုဖွဲ့ပေါင်းဆုံကြလျက် သွေးစည်း ညီညွတ်မှုကို ပြနေကြပေသည်။ ကိုယ့်လူမျိုး၏စာပေနှင့်ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတန်ဖိုးထားကာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရမည့် အမျိုးသားရေး တာဝန်ကြီးကို ကျေပွန်စွာ ထမ်းရွက်လျက်ရှိနေကြပါ၏။ ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးဆိုင်ရာ တိုင်းရင်းသားစာပေသင်ကြားရေး အခန်းကဏ္ဍနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ၊ ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ၊ ယဉ်ကျေးလိမ္မာရေးဆိုင်ရာ၊ ငြိမ်းချမ်းရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တို့ကိုဟောပြောဆွေးနွေးသင်ကြားပေးကြသည်မှာ အနာဂတ်အတွက် အားတက်စရာကောင်းလှသည်။ ပြင်ပဗဟုသုတ ရရှိစေရန်လည်း မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောမှုကိုကျန်းမာရေးဦးစီးဌာနကလည်းကောင်း အသီးသီး လာရောက်၍ ဟောပြောကြသဖြင့် အသိဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်မှုကိုလည်း ရရှိခဲ့ကြသည်။ ရိုးရာထိန်းသိမ်း စာပေနှင့်ယဉ်ကျေးမှု သင်တန်းဖြစ်သည်နှင့်အညီ သင်တန်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကလည်း ပြည့်စုံကောင်းမွန်လှပါသည်။ အမျိုးသားသင်တန်းသားများသည် ယဉ်ကျေးမှုဒုံးကသည့်အခါ ပေါင်းသည့် ခေါင်းပေါင်းပုံစံအတိုင်း ခေါင်းပေါင်းကိုဖွဲ့နှောင်ရမည်။ သင်တိုင်းအင်္ကျီသည် အမျိုးသားဝတ်အဆင်နှင့်အညီ ဖြစ်ရမည်။ ရိုးရာ ခေါင်းပေါင်းအောက်ခံ ရှပ်အင်္ကျီလက်ရှည်အဖြူ၊ ရိုးရာ သင်တိုင်း၊ ရိုးရာပုဆိုးတို့ကို လိုက်ဖက်သော အရောင်နှင့်သပ်သပ်ရပ်ရပ်ဝတ်ဆင်ရမည်။ ရှေးရိုးသျှောင်ထုံး ထုံးသူမှအပ ဆံပင်ကို နှစ်လက်မထက်ပို၍ အရှည်မထားရ၊ မူလဆံပင်အရောင်မှအပ အရောင်ဆိုးသောဆံပင်မဖြစ်ရ ဟူ၍ သတ်မှတ်ထားသည်။ အမျိုးသမီးသင်တန်းသူများသည် ယဉ်ကျေးမှုဒုံးကသည့်အခါ ပေါင်းသည့်ခေါင်းပေါင်း ပုံစံအတိုင်း ခေါင်းပေါင်းကို ဖွဲ့နှောင်ရမည်။ ရိုးရာသင်တိုင်း အင်္ကျီသည် အမျိုးသမီးဝတ်အဆင်နှင့်အညီ ဖြစ်ရမည်။ ခါးတို၊ ခါးပြတ်မော်ဒယ်ဒီဇိုင်းထွင်ထားသော ပုံစံမဖြစ်ရ။ ကိုယ်ကျပ်ကိုယ်လုံးပေါ်ပုံစံ မဖြစ်ရ။ ရိုးရာထဘီကိုသာ ဝတ်ဆင်ရမည်။ ဖိစကတ်၊ ထဘီစကတ်များ မဝတ်ဆင်ရ။ မူလဆံပင်အရောင်မှအပ အရောင်ဆေးဆိုးသော ဆံပင်မဖြစ်စေရ။ ဆံပင်ကို သပ်ရပ်သေချာစွာ ထုံးဖွဲ့နှောင်ရမည်ဟူ၍ သတ်မှတ်ထားပေသည်။ ယဉ်ကျေးမှုဓလေ့ထုံးစံများကို စည်းကမ်းအဖြစ် သတ်မှတ်ထားသည်မှာ အခြားသော တိုင်းရင်းသားသွေးချင်းများ အတုယူစရာကောင်းပါသည်။ တန်ဖိုးထားကြဖို့ ကောင်းပါသည်။

 

ဆအိုင်လောင် သင်တန်းအိပ်ရာထချိန် နံနက် ၅ နာရီမှစ၍ ည ၁၁နာရီ အိပ်ရာဝင်ချိန်အထိမှာ ဆက်တိုက်လှုပ်ရှားနေရသည်။ စာပေသင်ကြားချိန်၊ ယဉ်ကျေးမှုသင်ကြားချိန်၊ အပြောစွမ်းရည်မြှင့်တင်ခြင်း အစီအစဉ်အဖြစ် ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲများကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ သင်တန်းသားများ အပန်းပြေစေရန်အတွက် ဖျော်ဖြေရေး အစီအစဉ်အဖြစ် ကရင်တိုင်းရင်းသားရိုးရာတေးသီဆိုမှုနှင့် ရိုးရာအကများ၊ အဖွဲ့လိုက်ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသားတေးသံရှင်များ၏ ခေတ်ပေါ်တေးသီပွဲများနှင့်ပျော်ရွှင်ချမ်းမြေ့စရာများကလည်း စုံလင်လှသည်။ အချိန်တိုင်း “ရွှေ” ပါတကား။ သင်တန်း၏တစ်နေ့တာ ကျွေးမွေးကုန်ကျစရိတ်မှာ မသေးလှ။ အကုန်အကျ စရိတ်များသော်လည်း ကုန်ရကျိုးနပ်ပါ၏။ တန်ဖိုးမဖြတ်နိုင်သော စာပေနှင့်ယဉ်ကျေးမှု၊ စည်းလုံးညီညွတ်မှုတို့ကို မျိုးဆက်သစ်လူငယ်မောင်မယ်တို့သည် ထိုက်ထိုက်တန်တန်ရရှိပေပြီ။ သင်တန်းကာလ တစ်လျှောက်လုံး နေ့စဉ် နံနက် ၆ နာရီသည် ကျက်သရေမင်္ဂလာအပေါင်းနှင ပြည့်စုံသည့်အချိန်၊ ကရင်အမျိုးသားအလံတော်ကို လွှင့်တင်၍ သင်တန်းသား လူငယ်မောင်မယ်တို့ ဦးညွတ်အလေးပြုကြသည်။ ဆက်လက်၍ ကရင်စာပေနှင့်ယဉ်ကျေးမှု အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ကြပါမည်ဟု ကတိသစ္စာဆိုကြသည်။ တိုင်ထိပ်တွင် တလူလူလွင့်နေသော အလံတော်သည် နံနက်ဖူးသစ်စနေခြည်ဦးဝယ် အားမာန်တဝင့်ဝင့်။ ထို့နောက်တွင်မူ ငါးရာနီးပါးရှိသော ကရင်သွေးချင်း လူငယ်မောင်မယ် သင်တန်းသား သင်တန်းသူတို့သည် ရိုးရာတေးသီချင်းကို သံပြိုင်သီကျူးလျက် ပဝါလေးတွေကို ဝှေ့ယမ်းလျက် စည်းချက်ဝါးချက်ညီညီ ဒုံးသံနှင့်အတူ တက်ကြွမြူးရွှင်စွာ ကခုန်နေကြသည်မှာ လေတွင်ပျံဝဲနေသော ပန်းဝတ်မှုန်ဝတ်ဆံလေးများကဲ့သို့ ရောင်စုံပြိုးပြက်နေလေတော့၏။ ဆအိုင်လောင် (တေးသီပွဲ)ကို ရောက်ရှိနေသည့်အလား ခံစားရပေသည်။ ဥယျာဉ်မှူးများ ကိုယ့်လူမျိုး ကိုယ်ပိုင်စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်ပြန့်ပွားအောင် အကျိုးတော်ဆောင်ပေးကြသော ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးစောအေးမြ၊ အတွင်းရေးမှူး ဒေါ်နန်းမြင့်တင်နှင့် အဖွဲ့ဝင်ဥယျာဉ်မှူးကြီးများ၏ စေတနာ မေတ္တာနှင့်တကွ သွေးချင်းမောင်မယ်တို့၏ ကြိုးပမ်း ဆောင်ရွက်မှုများသည် အနာဂတ်အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် အားတက်ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။ နွေဦးကာလ မတ် ၂၉ ရက်မှ ဧပြီ၁၁ရက်အထိ သင်တန်းကာလလေးသည် အဖိုးမဖြတ်နိုင်သော အချိန်ဖြစ်ခဲ့လေပြီ။ သင်တန်းမှူးဆရာ စောသန့်ဇင်(အထပြ၊ နောင်ကမြိုင် အထက)နှင့် သင်တန်းဆရာ၊ ဆရာမများသည် ပျိုးပင်လေးများကို တယုတယ စိုက်ပျိုးကြလျက် စိမ်းမြအုပ်ဆိုင်းသော စာပေနှင့်ယဉ်ကျေးမှု တောအုပ်ကြီးတစ်ခုကို ဖန်တီးပေးရုံမျှမကဘဲ အနာဂတ်မျိုးစေ့များကိုလည်း စေတနာအပြည့်နှင့် ကြဲချပေးခဲ့ကြလေသည်။ အိုမြတ်ဆရာများပါတကား။ သင်တန်းဆိုင်ရာများကို နွေးထွေးဖော်ရွေမှုအပြည့်နှင့်ရှင်းပြပေးပါသော လက်ထောက်သင်တန်းမှူး ဆရာ စောစံသိန်းသည် ဘားအံမြို့နယ် လှာကပြင်ကျေးရွာအုပ်စု သာနုန်းကျေးရွာဇာတိ ကရင်ဆွေမျိုးပေါက်ဖော်တစ်ဦး ဖြစ်ပြီး ယခုလက်ရှိတွင် ကျောင်းသား ကျောင်းသူစာသင်သားလူငယ်များကို ဦးဆောင်လမ်းပြနေသူ ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာ အထက(ခွဲ)၏ ကျောင်းအုပ ဆရာကြီးအဖြစ် ပညာရေးဝန်ထမ်းဆောင်ရွက်နေသူဖြစ်သည်။ ဇွဲကပင်တောင်တော်ထက်ဆီက အစွမ်းကုန်ပွင့်လန်းနေကြသော နွေဦးသစ်စ ပန်းလှလှတို့၏ မွှေးရနံ့အစုစုတို့သည် ပြည်ထောင်စုကြီးတစ်ဝန်း သင်းပျံ့မွှေးကြိုင်စွာ ပျံ့လွင့်လျက်ရှိနေလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

 

အလှတွင်အယဉ်ဆင့် ၁၉၉၆ ခုနှစ်၏ “ဇွဲကပင်နွေဦး” သို့ ကျွန်တော်ရောက်ရှိခဲ့ပြီး ဇွဲကပင်၏ရင်ခွင်တွင်တစ်နှစ်တာခိုလှုံခွင့်ရ၏။ ကမမောင်းနှင့် ဖာပွန်သွား လမ်းဟောင်းကြီးထဲ နစ်မြုပ်နေသော သွေးချွေးအသက်များကိုဖယ်လှန်ကာ လမ်းသစ်ထွင်၍ ဖောက်လုပ်ခဲ့ကြစဉ်က ကရင်အမျိုးသားစာရေးဆရာကြီး မန်းသင့်နောင်(ကော့ကရိတ်)နှင့် ဆုံတွေ့ခဲ့ပြီး ရင်းနှီးချစ်ခင်ခဲ့ရဖူးပါသည်။ ဆရာက သူရေးထားသည့် “ကရင်ပြည်နယ်အလှ” ဆိုသည့်စာအုပ်ကို စာပေလက်ဆောင်အဖြစ် ကျွန်တော့်ကိုပေးပါသည်။ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်ကြ သော ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ သံတောင်ကြီးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၏ ဒေသခံမျိုးနွယ်များအကြောင်း၊ လူမှုစီးပွားဘဝများ၊ တောတောင်ရေမြေ သီးပင်စားပင် အကြောင်းများနှင့် ကရင်ပြည်နယ်၏ အလှကို ခြယ်မှုန်းထား၏။ ဆရာကြီးသာ သက်ရှိထင်ရှား ရှိနေသေးလျှင် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းနှင့်သွေးချင်းကရင်လူငယ်လေးများ၏အလှကို တဝကြီးရေးဖွဲ့မည်မှာ အသေအချာပင်။ အလှတွင် အယဉ်ဆင့်နေ ပေလိမ့်မည်ထင့်။ ကျိုက်သရိထောင်းထော့လားဆိုင်လက်နက်နှင့် ငြိမ်းချမ်းရေးကို စွန့်ဦးရယူစွမ်းရည်ပြည့်ဝ သော ကရင်မျိုးချစ်ကြီး ဦးစောသမူဟဲကို ကျွန်တော်လွမ်းဆွတ်မိသည်။ ၁၉၉၅ ခုနှစ်ခန့်က ကြာအင်းဆိပ်ကြီး မြို့နယ်၊ အဇင်းနှင့် ကျိုက်ဒုံဒေသ ငြိမ်းချမ်းရေးတေးသံသည် ဘဝဂ်သို့လျှံခဲ့၏။ မင်္ဂလာရှိသော ငြိမ်းချမ်းရေး ကျွဲချိုမှုတ်သံများသည် ဟောင်သရောဒေသတွင် သာမက ကရင်ပြည်နယ်အနှံ့နှင့် ပြည်ထောင်စုကြီးတစ်ခုလုံးဆီသို့ လွှမ်းပတ်သွားခဲ့သည်။ ငြိမ်းချမ်းရေးဓာတ် တရားမြတ်လွှမ်းပတ် ကမ္ဘာ တည်စေခဲ့သည်လေ။ ဦးစောသမူဟဲကြီးသာ သက်ရှိထင်ရှားရှိနေသေးပါလျှင် ရှေ့တန်း ပထမတန်းမှ မားမားရပ်လျက် မျက်မှောက်နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားတက်သရော ရိုးသား ပွင့်လင်းစွာဖြင့် ပါဝင်ဆွေးနွေးမည့်ပုံရိပ်ကို မြင်ယောင်နေမိပါသည်။ ထို့ပြင် ဒေါနတောင်တန်းတခွင် သံလွင်မြစ်ဝှမ်း ရင်ပြင်ဝယ် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ ဖူးပွင့်ဝေဆာလာမည့် ငြိမ်းအေးချမ်းမြသော ပွင့်သောပန်း၊ လှသောပန်း၊ မွှေးသောပန်းတို့၏ ငြိမ်းချမ်းရေးရနံ့များ အကြောင်းကိုလည်း အားကောင်းမောင်းသန်နှင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေလိမ့်မည်ကိုလည်း တွေးမြင်မိပြန်သည်။ “ဒို့ရွာတွေမှာ ရန်သူမရှိ၊ မိတ်ဆွေတွေသာရှိ” “ဒို့ရွာမြေမှာ လက်နက်ဆန်းတွေမရှိ၊ ပွင့်တဲ့ပန်းတွေဝေ နေ၏။” လို့များ စွန့်ဦးငြိမ်းချမ်းရေး သူရဲကောင်းကြီးသည် ရဲရဲရင့်ရင့် ကျူးရင့်ဥဒါန်း တွင်စေလိမ့်လေမည်လား။ ကရင်ပြည်နယ်ငြိမ်းချမ်းရေး ဥယျာဉ်ကြီးအတွင်းမှ မောင်မယ်ပန်းပျိုးလက်များအားလုံး (ဆခုံးဆတာ ဒိုးမာလော။) ကျေးဇူးကြီးလှပါပေ၏။ ကြိုးပမ်းသင်ယူမှုများကို သမိုင်းတင်ပါ၏။ “ကျိုက်သရိထောင်းထော့လားဆိုင်” ကျက်သရေတိုးတက် မြင့်မားကြပါစေကုန်သတည်း။

 

တောင်တွင်းမောင်သင်းကျော်