၃၁ ဇန်နဝါရီ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ ဇွဲကပင်အသင်းနှင့် မကွေးအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ဇန်နဝါရီ ၃၁ ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်ခဲ့သည့် ရခိုင်အသင်း ကွင်းလယ်ကစားသမား ဇော်သိန်းဝင်းအတွက် ပွဲမစတင်မီ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခဲ့သည်။
သုံးပွဲဆက် အရေးနိမ့်ထားသည့် ဇွဲကပင်အသင်းအနေဖြင့် ယခုပွဲတွင် ပထမဆုံး အမှတ်ရယူနိုင်ခဲ့သော်လည်း လေးပွဲဆက် နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သည်။ မကွေးအသင်းမှာမူ ယခုရာသီ၏ ဒုတိယမြောက် သရေပွဲကြုံတွေ့ခဲ့ပြီး နှစ်သင်းစလုံး အဆုံးသတ် အားနည်းမှုကြောင့် သရေပွဲကြုံတွေ့ ခဲ့ခြင်းဖြစ်သည်။
ဇွဲကပင်အသင်းသည် နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သလို မကွေးအသင်းမှာလည်း အမာခံကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။ ခြေစွမ်းအရ ကွာခြားမှု မရှိသောကြောင့် ပွဲမှာ အပြန်အလှန်ရှိခဲ့သော်လည်း မိနစ် ၃၀ တွင် နိုင်ငံခြားသားတိုက်စစ်မှူး ယာစင် ဒဏ်ရာရပြီး လူစားလဲခဲ့ရသောကြောင့် ဇွဲကပင်အသင်း တိုက်စစ်အားပျော့ခဲ့ရသည်။
ဇွဲကပင်အသင်းသည် ယင်းနောက်ပိုင်းတွင် တိုက်စစ်က ဂိုးရရန် ခက်ခဲခဲ့ပြီး မကွေးအသင်း နောက်တန်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသည်။ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မကွေးအသင်းသည် ၁၅ မိနစ်နောက်ပိုင်းကတည်းက ဇွဲကပင်နောက်တန်းကို ဖိအားပေးနိုင်ခဲ့ပြီး ပထမပိုင်းကတည်းက အခွင့်အရေးများရသော်လည်း ဘားထိထွက်ခြင်း၊ အဆုံးသတ် အားနည်းခြင်းတို့ကြောင့် အဖွင့်ဂိုးနှင့် လွဲချော်ခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်မြင့်ကာ ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ရရှိသည့်အခွင့်အရေးများ အသုံးမချနိုင်သောကြောင့် သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။ ဇွဲကပင်အသင်းသည် လေးပွဲဆက် နိုင်ပွဲပျောက်ခဲ့၍ လာမည့်ပွဲများတွင် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။
ပွဲစဉ် (၄) ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ မန္တလာသီရိကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်