ဘားအံ ၂၇ ဇွန်
၂၆.၆.၂၀၂၀ရက်၊ (၀၅:၀၇) နာရီ ခန့်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်တွင် အမျိုးသမီးတစ်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ဘားအံမြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၉) ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ရှာဖွေခဲ့ကြရာ (၀၅ : ၅၀) နာရီတွင် အမြင့်ပေ (၂၀၀၀) ခန့်သို့ ရောက်ရှိခဲ့ပြီး အမျိုးသမီးစီး ဖိနပ်တစ်ရံ တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ပတ်ဝန်းကျင် ပေ (၁၀၀) ခန့်တောင်စောင်းများတွင် ဆက်လက်ရှာဖွေခဲ့ပြီး (၀၉ : ၀၀) ခန့်တွင် တောင်ပေါ်ရှိ ရင်ပြင်တော်ပေါ်သို့ ရောက်ရှိခဲ့ကြောင်း၊ စုံစမ်းမေးမြန်းရာ (၂၅.၆.၂၀၂၀) ရက် (၁၇:၀၀) နာရီခန့်တွင် ရင်ပြင်တော်ပေါ်မှ ပြန်လည်ဆင်းသွားသည်ကို တွေ့ရှိကြောင်းနှင့် အဆိုပါပျောက်ဆုံးနေသည့် အမျိုးသမီးမှာ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးအနောက်ဘက်ရှိ အမျိုးသမီးဘော်ဒါဆောင်တွင် နေထိုင်၍ ဘားအံတက္ကသိုလ်တွင် ဂုဏ်ထူးတန်း ပထမနှစ်တွင် တက်ရောက်နေသူဖြစ်ကြောင်း သိရသည်။
၂၆.၆.၂၀၂၀ရက်၊ (၀၉: ၁၅)တွင် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်နယ်မြေတိုင်းအဖွဲ့မှ Drone အဖွဲ့များ၊ ပတ်ဝန်းကျင်ရှိပြည်သူများဖြင့် ပူးပေါင်း၍ ဆက်လက်ရှာဖွေခဲ့ရာ (၁၆:၃၀) အချိန်ထိ ပျောက်ဆုံးသူ၏ ဆိုင်ကယ်သော့ကိုသာ ရှာဖွေတွေ့ရှိခဲ့ပါသည်။
ပျောက်ဆုံးနေသူအား ဆက်လက်ရှာဖွေရေးအတွက် (၂၇.၆.၂၀၂၀)၊ (၀၅ : ၀၀) နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ၏ တည်နေရာအား (၁၀: ၀၃) နာရီခန့်တွင် တွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
MDN


