ဘားအံ ၂၉ ဧပြီ

 


ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်ပေါ်နှင့် လုမ္မနီဥယျာဉ်တွင် တပ်ဆင်တည်ဆောက်မည့် လူ ၅၀ ဦးစီးနိုင်သော ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်းမှ  ကေဘယ်လ်ကရိန်းငယ်နှင့် ဆက်စပ်ပစ္စည်းများကို  ဧပြီ ၂၉ ရက်ကစတင်ပြီး တပ်မတော်(လေ)မှ MI-17 အမျိုးအစား ရဟတ်ယာဉ်တစ်စီးဖြင့် ဇွဲကပင်တောင်ပေါ်သို့ စတင်သယ်ဆောင်နေကြောင်း သိရပြီး တပ်ဆင်ပြီးစီးပါက တောင်ခြေမှ တောင်ထိပ်သို့ တစ်ကြိမ်လျှင် လူ ၅၀ ဦးစီးနိုင်ပြီး ဇွဲကပင်တော်ထိပ်တွင် တည်ထားကိုးကွယ်တော်မူထားသော ဇွဲကပင်ဆံတော်ရှင်စေတီအား ဖူးမျှော်ရန်အတွက် အချိန်လေးမိနစ်ခန့်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း သိရသည်။

 


ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်းတွင် အသုံးပြုမည့် ပစ္စည်းများကို ရဟတ်ယာဉ်ကွင်းဖြစ်သော တော်ပုံဘောလုံးကွင်းမှတစ်ဆင့် ဇွဲကပင်တော်ပေါ်ရှိ ရဟတ်ယာဉ်ကွင်းသို့ သယ်ဆောင်ရာတွင် အသုံးပြုသော ရဟတ်ယာဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အသုံးပြုခြင်းဖြစ်ကြောင်း သိရပြီး စီမံကိန်းအား ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီလီမိတက်နှင့် ဇွဲကပင်မြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့က အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကေဘယ်လ်ကား တည်ဆောက်ခြင်းကို မြန်မာ့ဇာတိမြေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကာ လူ ၅၀ လိုက်ပါစီးနင်းနိုင်သည့် ကေဘယ်လ်ကားနှစ်စီးပါဝင်၍ အမြင့်မီတာ(၆၈၀)၊ အကွာအဝေး ၁၅၅၈ ဒသမ ၅၀ မီတာဖြစ်ကြောင်း သိရသည်။

 


ဆံတော်ရှင်တည်ရှိရာ ဇွဲကပင်တောင်တန်းမှာ အမြင့်ပေ (၂၇၂၇)ပေရှိပြီး ကျန်းမာရေးကောင်းသော လူငယ်များ ခြေလျင်တက်မည်ဆိုပါက အချိန်တစ်နာရီခွဲကျော်ကြာမြင့်ပြီး အသက်အရွယ်ကြီးသူများနှင့် ကျန်းမာရေးအာနည်းသူများအနေဖြင့် အချိန်နှစ်နာရီကျော်ကြာမြင့်ကာ အတက်အဆင်း ငါးနာရီခန့် အချိန်ပေးတက်ကြရသဖြင့် ကေဘယ်လ်တောင်တက်ကား စီမံကိန်းပြီးစီးပါက ဇွဲကပင်တောင်ထိပ်အထိ အချိန်လေးမိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်ရာ ကရင်ပြည်နယ်အတွင်း ပြည်တွင်း ပြည်ပ ခရီးသွားများနှင့် ဘုရားဖူးဧည့်သည်များ ပိုမိုစည်ကားလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 


မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

 

bbf