နေပြည်တော် ၂၀ ဧပြီ
တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ထုတ်ပြန်ထားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံ၊ လူမှုရေးအဖွဲ့အစည်းများဖြစ်ကြသည့် Japan YUAI Foundation နှင့် Amazing Asia Association တို့မှ Masks ၅၀ဝ၀ နှင့် လေသန့်စက်ငယ် သုံးခုကို ဧပြီ ၂၀ ရက်တွင် မြန်မာသံရုံး၊ တိုကျိုမြို့၌ လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူမှ လက်ခံရယူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ Japan YUAI Foundation၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း H.E. Mr. HATOYAMA Yukio ရုံးနှင့် Amazing Asia Association တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သံအမတ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ဂုဏ်ပြုလွှာများကို ပေးအပ်ခဲ့သည်။
ဂျပန်နိုင်ငံ၊ Japan YUAI Foundation နှင့် Amazing Asia Association မှ လှူဒါန်းသည့် Masks ၅၀ဝ၀ နှင့် လေသန့်စက်ငယ်သုံးခုကို Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ပါရန် လေကြောင်း (Cargo Flight) ဖြင့် ဆက်လက်ပေးပို့သွားမည် ဖြစ်သည်။
ဂျပန်နိုင်ငံ၊ Japan YUAI Foundation ကို “Mutual Respect, Mutual Understanding and Mutual Aid” ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ်ဟောင်း H.E. Mr. HATOYAMA Yukio မှ နာယကအဖြစ် ဦးဆောင်မှုပေးလျက်ရှိသည်။ ယင်းအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ရေသန့်ရရှိရေး လုပ်ငန်းများတွင်လည်း အကူအညီပေးလျက်ရှိသည်။ ဂျပန်နိုင်ငံ၊ Amazing Asia Association သည် မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းနှင့် ယဉ်ကျေးမှု ဖလှယ်သည့် အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Credit#နိုင်ငံခြားရေးဝန်ကြီးဌာန