ပဲခူး မတ် ၁၄
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်အတွင်းရှိ ဇောင်းတူရေလွှဲဆည်နှင့် မိုးယွန်းကြီးကန်မှ ဆည်ရေများဖြင့် ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့ရှိ နွေစပါးနှင့် အခြားသီးနှံများ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပဲခူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ပဲခူးမြို့နယ်ရှိ စလူ၊ ရွှေလောင်း၊ ကိုဒူကွဲဆည်မှ သိုလှောင်ရေများကို ဇောင်းတူရေလွှဲဆည်မှတစ်ဆင့် ဇောင်းတူဆည်ရေသောက်စနစ် အတွင်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ပဲခူးစစ်တောင်းတူးမြောင်း အတွင်း ဆည်ရေပို့လွှတ်၍ မိုးယွန်းကြီးကန်မှ ဆည်ရေများနှင့်အတူ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်တို့ရှိ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင် ဇောင်းတူဆည်ရေသောက်စနစ်နှင့် မိုးယွန်းကြီးကန်ရေသောက်စနစ်တွင် ပဲခူးခရိုင်အတွင်း နွေစပါး ၅၉၁၁၆ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ယခုအချိန်တွင် လျာထားစိုက်ဧကအားလုံး အောင်မြင်စွာ စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ် တို့ရှိ ငါးကန်များကိုလည်း အကျိုးပြုလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)


