နေပြည်တော် ဒီဇင်ဘာ ၂၄
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်းကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက်ရှိသည့် စနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းမြေဧက (၂၆၀ ဒသမ ၇၀) ဖော်ထုတ်ခြင်းစီမံကိန်းကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်ပြည်ထောင်စုဝန်ကြီး က လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းရေးတွင် အထောက်အကူဖြစ်စေရန် စနစ်ကျလယ်မြေများ ဖော်ထုတ် ပေးခြင်းကို နိုင်ငံတော်ကဘဏ္ဍာငွေများကျခံသုံးစွဲ၍ စံပြဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ရေပေး တူးမြောင်းများ ရေနုတ်မြောင်းများ၏ စိုက်ပျိုးရေစီမံခန့်ခွဲမှုများ စနစ်တကျအသုံးပြုနိုင်စေရန်နှင့် မူလလယ်မြေများထက် တောင်သူများ၏ လယ်ယာလုပ်ငန်းများ ပြောင်းလဲတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို လယ်ယာမြေဥပဒေနှင့်အညီ အသုံးပြုရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့် က ကြပ်မတ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဆုံ၊ အရှေ့မြောက်ဘက်ခြမ်း အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်း ကျေးရွာအုပ်စုများမှ တောင်သူဦး(၉၀) ဦးပိုင်ဆိုင်သည့် လယ်မြေ (၂၆၀ဒသမ၇၀) ဧကကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် (၅၈၁ဒသမ၀၈၂) သန်းဖြင့် စုစုပေါင်းရေပေးမြောင်းအလျား ပေ(၃၄၆၆၀) ၊ ရေနုတ်မြောင်းအလျားပေ(၂၇၁၇၀)၊ ရေဆင်းပြွန်အဆောက်အအုံ(၁၁၉) ခု ၊ စုစုပေါင်း ကုန်ထုတ်လမ်း အလျားပေ (၂၃၃၂၀) ပါဝင်သော စက်မှုလယ်ယာစနစ်ကျလယ်မြေအဖြစ် ဖော်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


