နေပြည်တော် ၅ ဖေဖော်ဝါရီ
မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်းမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သင်တန်းတွင် ခေတ်အေး KC မန်နေဂျာ ဦးမျိုးမင်းထွေးက အဖွင့်အမှာစကား ပြောကြားပြီး သီးနှံကာကွယ်ရေးဌာနခွဲမှ သင်တန်းဆရာမ ဒေါ်စန္ဒာထွန်းက ဓါတုဆေးများ လျှော့ချသုံးစွဲရေး၊ လိုအပ်မှသာ သတ်မှတ်ပမာဏသုံးစွဲရေး၊ သဘာဝပိုးသတ်ဆေးများ အသုံးပြုမှုများလာရေး၊ မိသားစုကျန်းမာရေးအတွက် တစ်ပိုင်တစ်နိုင် အိမ်ခြံဝိုင်းအတွင်း ဟင်းသီးဟင်းရွက်များစိုက်ပျိုးရေး စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

ထို့နောက် ကြက်သွန်ဖြူ ပိုးသတ်ဆေးနှင့် ဆေးရွက်ကြီးဆေးရည် ဖျော်စပ်နည်းတို့ကို လက်တွေ့ သရုပ်ပြခဲ့ရာ တက်ရောက် သင်တန်းသားများမှ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခဲ့ကြပသည်။
သင်တန်းရလဒ်အနေဖြင့် တက်ရောက် သင်တန်းသားများမှ ဓာတုဆေးဓါတ်ကြွင်း အန္တရာယ်ကင်းဝေးစေရန် မိမိတို့ခြံဝန်းထဲတွင် ဟင်းသီး/ရွက် စိုက်ဘောင်များ ပြုလုပ်ကြမည်ဖြစ်ပြီး၊ သဘာဝပိုးသတ်ဆေးများသာ အသုံးပြုကြမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီး နောက် (၁၅) ရက် အကြာတွင်လာရောက် ကြည့်ရှုလို့ရပါကြောင်း ကတိပေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ခေတ်အေးနယ်မြေမှ တောင်သူ ၃၀ တက်ရောက်ခဲ့ပြီး စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပြန်/ဆက်)