ဇေယျာသီရိ ဇူလိုင် ၂၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူးများ စာကြည့်တိုက်ပညာများကို သိရှိနားလည်တတ်ကျွမ်းလာပြီး စာကြည့်တိုက်များ ပိုမိုရှင်သန်ခိုင်မာလာစေရေး၊ ကလေးသူငယ်များ၊ အများပြည်သူများ စာဖတ်သည့် အလေ့အကျင့်များ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ယခုလို သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူး ၂၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်က ရာစုအလိုက်စာအုပ် အမျိုးအစားခွဲခြားနည်း၊ ရည်ညွှန်းစာအုပ် စာရင်းသွင်းနည်း၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များရှိ စာအုပ်စာစောင်များ မပျက်စီးအောင် ထိန်းသိမ်းနည်းများနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ယဉ်ယဉ်ချိုက စာဖတ်၊ စာငှားစာရင်းသွင်းနည်းများကို ဇူလိုင် ၂၃ ရက်မှ ၂၄ ရက်ထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)