နေပြည်တော် ၁၃ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဥတ္တရခရိုင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် မြို့နယ်အဆင့် ပူးပေါင်းစစ်ဆေး အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများတွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးမှုတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမောင်မောင်ချင်း ဦးဆောင်သော အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်အတွင်းရှိ အုတ်လုပ်ငန်း၊ သစ်စက်၊ ကျောက်ခွဲစက်၊ ဆန်စက်၊ စက်သုံးဆီဆိုင်၊ ကွန်ကရစ် လုပ်ငန်း၊ မုန့်တိုက်နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ နေပြည်တော်ပုံနှိပ်တိုက်များသို့ သွားရောက်ကာ လက်ဆေးဘေစင်ထားရှိမှု၊ ဝန်ထမ်းများ နှာခေါင်းစည်းတပ်ဆင်မှု၊ မျက်နှာအကာအကွယ်များ တပ်ဆင်မှု၊ နှာခေါင်းစည်းများ လုံလောက်မှုရှိ မရှိ၊ လက်အိတ်ဝတ်ခြင်း၊ အဖျားတိုင်း ကိရိယာများဖြင့် အဖျားတိုင်းတာခြင်းများ ရှိ မရှိ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးနှင့် တစ်ဦး နီးကပ်မှုမရှိစေရန် ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင် ကြမ်းပြင်များအား ပိုးမွှားများ ကပ်တွယ်မှုမရှိစေရန် ဆေးကြောသန့်စင်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း စသည့် ကျန်းမာရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပြန်/ဆက်)


