ဇေယျာသီရိ ၁၄ ဇွန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရေအသုံးချသူများအဖွဲ့(WUG) ဖွဲ့စည်းခြင်းအခမ်းအနား ကို ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(မြောက်) ကျေးရွာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က အမှာစကား ပြောကြားပြီး ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်ကြည်မောင်က မြန်မာနိုင်ငံ ဆည်မြောင်းကဏ္ဍ၏ ပဏာမခြေလှမ်းသည် သီးနှံစိုက်ပျိုး ထုတ်လုပ်ရန်အတွက် ဆည်ရေသောက်စနစ်ကို ဖွံ့ဖြိုးတိုးတက်ရန်၊ ရေပေးသွင်းနိုင်သော ဧရိယာကိုတိုးချဲ့ပြီး စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ရန်၊ တစ်ချိန်တည်းမှာပင် ဆည်မြောင်းအဆောက်အအုံများ သက်တမ်းကြာမြင့်၍ ပျက်စီးယိုယွင်းလာခြင်းနှင့်အတူ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များရှိနေခြင်း၊ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရန်အတွက် ရေအရင်းမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်ရန်၊ ရေကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်အပြင် ရေအသုံးချသူများ အသင်းအဖွဲ့များမှတစ်ဆင့် ဌာနနှင့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သော ဆည်ရေ စီမံခန့်ခွဲမှုစနစ်ကို လွယ်ကူစွာအသုံးပြုနိုင်ရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော တောင်သူများက ရေအသုံးချသူများအဖွဲ့ (WUG)ကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင် များက ရေကြီးနစ်မြုပ်မှုကာကွယ်ရေးအတွက် ရေနုတ်မြောင်းတူးဖော်ခြင်း၊ စနစ်ကျလယ်ယာမြေအတွင်းရှိ ရေပေးယူ မြောင်းများ၊ ရေဆိုးထုတ်မြောင်းများ တူးဖော်ခြင်း စသည့် အချက်အလက်များ တင်ပြဆွေးနွေးခဲ့သည်။
ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုအတွင်း စနစ်ကျလယ်ယာမြေ (၁၇၂) ဧကရှိပြီး မိုးစပါးစိုက်ပျိုးရန် အတွက် ဇူလှိုင် ၁၅ ရက်မှစတင်ကာ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ပြန်/ဆက်)


