မယ်စဲ့ ၂၈ မေ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့်ဆေးပစ္စည်းများကို စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရေးအတွက် ဟိုစဲ့ကျေးရွာရှိ ဈေးဆိုင် ၉ ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များ၌ ခွင့်မပြုတာရှည်ခံဆေးနှင့် ဓာတုဆိုးဆေး ပါ/မပါ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်/ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွက်ကဲရေး ကော်မတီအဖွဲ့တို့ ပူးပေါင်း၍ ဟိုစဲကျေးရွာရှိ ဈေးဆိုင် ၉ ဆိုင်၌ အသားတု၊ သကြား၊ ထန်းလျက်၊ ကြာဆံခြောက်၊ ငပိ၊ လက်ဖက်၊ ရှာလကာရည် အစရှိသည့် ပစ္စည်းများတွင် ခွင့်မပြု တာရှည်ခံဆေးနှင့် ဓာတုဆိုးဆေး ပါ/မပါ အမျိုးအမည် ၂၁ မျိုးကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါကုန်ပစ္စည်းများတွင် ဓာတုဆိုးဆေးမပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

 

ဆက်လက်၍ အဆိုပါအဖွဲ့သည် စားသုံးရန်မသင့်သည့် အစားအသောက်နှင့် သက်တမ်းလွန် အစားအသောက်များကို စစ်ဆေးခဲ့ရာ FDA မှ စားသုံးရန်မသင့်ဟု ကြေညာထားသည့် ရွှေဟင်္သာနှင့် ထူးရှယ် အမှတ်တံဆိပ် အရောင်တင်မှုန့် တို့ကို တွေ့ရှိသိမ်းဆည်း၍ ခံဝန်ထိုးစေပြီး ကော်မတီဝင်များရှေ့တွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

“စားသုံးသူပြည်သူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်တွေ ဖြစ်စေဖို့ ချက်ချင်းဓာတ်ခွဲစစ်၊ ချက်ချင်းအဖြေထုတ်ပြီး တွေ့ရှိပါက ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး Mobile Lav Van (ရွေ့လျားဓာတ်ခွဲယာဉ်)နဲ့ ကွင်းဆင်း စစ်ဆေးရခြင်းဖြစ်ပြီး ယာဉ်ပေါ်မှာ Tesk Kit (၇)မျိုးနဲ့ ဓာတ်ခွဲစစ်ဆေးနိုင်တယ်” ဟု ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာမြိုင် (အစားအသောက်)က ပြောကြားသည်။

 

ဝတ်ရည်(ပြန်/ဆက်)