ဈေးကောင်းရပြီး ဆေးဖက်ဝင်သည့် ဒေသထွက် ချဉ်စော်ခါးသီး

၁၃ နိုဝင်ဘာ

 

ချဉ်စော်ခါးသီး၏ ဇာစ်မြစ်

 

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ဒေသတစ်ဝိုက်တွင် များပြားစွာ ပေါက်ရောက်ဖြစ်ထွန်းပြီး ဒေသခံပြည်သူများကို တစ်ဖက်တစ်လမ်းနည်းဖြင့် စီးပွားဖြစ် ဝင်ငွေရရှိစေသည့် ချဉ်စော်ခါးသီးသည် ရှမ်းပြည်နယ်မှ ဒေသခံအများစုသာ ရင်းနှီးသိကျွမ်း၍ မြန်မာတိုင်းရင်းသား ပြည်သူအများစုကြားတွင် လူသိနည်းသည့် အသီးတစ်မျိုးဖြစ်သည်။

ချဉ်စော်ခါးသီး၏ မူလဇာစ်မြစ်သည် အရှေ့တောင် အာရှဒေသဟုသိရပြီး အရှေ့တောင်အာရှတွင်မှ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တစ်ဝိုက်တို့တွင်သာ ပေါက်ရောက်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ ချဉ်စော်ခါးပင်များသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်ဖြစ်ထွန်းပြီး ဒေသခံပြည်သူများက ပြည်တွင်းပြည်ပပို့ကုန်နှင့် စားသုံးကုန် အဖြစ် ပုံစံမျိုးမျိုး အသုံးပြုကြသည်။

 

အပင်ပုံစံနှင့် အသီးသီးချိန် ချဉ်စော်ခါးသီးဟု အမည်ကြားရုံနှင့်ပင် လွန်ကဲသည့် အချဉ်ဓာတ်အရသာရှိသော အသီးတစ်မျိုးဟု ခန့်မှန်းနိုင်သည်။ ချဉ်စော်ခါးသီးပင်များသည် အသီးသီးချိန်တွင် အပင်တစ်ခုလုံး အသီးများသီးနေတတ်ပြီး အပင်၏ အကိုင်းအခက်များသည် ဆူးများနှင့်ပြည့်နှက်နေသည်။ ချဉ်စော်ခါးပင်၏ အသီးသီးချိန်သည် မေလမှ နိုဝင်ဘာလအထိဖြစ်သည်။ အပင်အမျိုးအစားမှာ နှစ်ရှည် ပင်အမျိုးအစားဖြစ်ပြီး ဆူးများ များပြားခြင်းကြောင့် မိမိ၏ ခြံဝင်းများတွင် ကျွဲ၊ နွားများ ဝင်ရောက်သည့် ဒဏ်မှ ကာကွယ်နိုင်ရန် ခြံဝင်းပတ်ပတ်လည်တွင် အများအားဖြင့် စိုက်ပျိုးကြသည်။ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမကြီး ဘေးဝဲယာ၌ စီတန်းစိုက်ပျိုးခြင်းကိုလည်း မြင်တွေ့ရသည်။

 

အသီးပုံစံနှင့် အရသာ

 

ချဉ်စော်ခါးသီးကို အမျိုးအစားအားဖြင့် ပုံစံနှစ်မျိုးဖြင့် သတ်မှတ်ကြပြီး အချိုသီးနှင့် အချဉ်သီးဟူ၍ ခွဲခြားခေါ်ဆိုကြသည်။ ချဉ်စော်ခါးသီးသည် အသားမာသည့် အသီးမျိုးဖြစ်ပြီး မပုပ်သိုးဘဲ လနှင့်ချီ၍ ကြာရှည်စွာထားနိုင်သည်။ အစိမ်းရောင်ပုံစံရှိသည့်အသီးကို အချိုသီးဟု ခေါ်ကြပြီး အဝါရောင်သန်းနေသည့်အသီးကို အချဉ်သီးဟု ခေါ်ဝေါ်ကြသည်။ အစိမ်းရောင်ရှိသည့် ချဉ်စော်ခါးသီးများထက် အဝါရောင်သန်းနေသည့် အသီးများက ပိုချဉ်ပြီး အနံ့လည်းပိုမွှေးသည်။

 

ချဉ်စော်ခါးသီးများကို ရာသီမရွေး စားသုံးနိုင်ရန်အတွက် ပါးပါးလှီးကာ အခြောက်လှန်းထားကြသည်။ ချဉ်စော်ခါးသီးများကို ရေနွေးစိမ်ပြီး ပုံမှန်သောက်သုံးပါက အဆီဓာတ်ကျစေခြင်း ကိုလက်စထရောကို လျော့ကျစေခြင်းနှင့် သွေးလည်ပတ်မှုအားကောင်းစေပြီး သွေးတိုးရောဂါများကို ကာကွယ်ပေးခြင်းကြောင့် ဆေးဘက်ဆိုင်ရာ တိုင်းရင်းဆေးဝါးများတွင်လည်း အသုံးပြုကြသည်။ အသီးတွင် အချဉ်ဓာတ်ရနံ့ သင်းနေပြီး အနံ့ရလျှင် သွားရည်ယိုစေသည့် အစွမ်းရှိခြင်းကြောင့် ချဉ်စော်ခါးသီးကို ခံတွင်းပျက်သူအချို့က ခံတွင်းမြိန်ဆေးအဖြစ် အသုံးပြုခြင်းကိုလည်း တွေ့ရသည်။

 

ချဉ်စော်ခါးသီး စားနည်းအမျိုးမျိုး

 

မိသားစုအသက်မွေးဝမ်းကျောင်းပြုရန် ချဉ်စော်ကားပင်များကို စီးပွားဖြစ်အဓိက စိုက်ပျိုးပြီး ဈေးကွက်ကို ဖြန့်ရောင်းနေသည့် ကွတ်ခိုင်မြို့အနီး ဆဖြူးရွာမှ ဦးဒေါင်ခေါင် က “အသီးတွေကို အလုံးလိုက်ပဲ ရောင်းတာများပါတယ်။ တချို့တွေကတော့ ပါးပါးလှီးပြီးတော့ အခြောက်လှန်းပြီး အထုပ်လိုက် ရောင်းတာလည်းရှိတယ်၊ ချဉ်စော်ခါးသီးယို ဆိုပြီး ယိုထိုးပြီးတော့လည်း ရောင်းကြတယ်၊ ဝိုင်လုပ်ပြီး လည်း ရောင်းကြတယ်၊ အစိမ်းအတိုင်းထောင်းစားတဲ့သူတွေ လည်းရှိတယ်၊ အသားတွေ ငါးတွေချက်တဲ့အခါမျိုးမှာလည်း အရသာထူးကဲအောင် ထည့်စားကြတယ်၊ အခြောက်လှန်း တာကိုတော့ အချဉ်ရည်ဟင်းတွေ၊ အသားဟင်းတွေချက်စားတဲ့ အချိန်တွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံး ပြုကြတယ်။ အခြောက်လှန်းတဲ့ ချဉ်စော်ခါးသီးတွေကို ရေနွေးနဲ့ပြောပြီး ဆား၊ အရသာမှုန့်၊ ကြက်သွန်၊ ငရုတ်သီး စိမ်းလေးထည့်ပြီး စွန်တန်လိုအရည်သောက်လေး လုပ်စားရင်လည်း ကောင်းတယ်”ဟု ချဉ်စော်ခါးသီးကို စားသုံးကုန်အဖြစ် အမျိုးမျိုးအဖုံဖုံ စားသုံးကြပုံများကို ရှင်းပြသည်။

 

ဈေးကွက်ထဲမှ ချဉ်စော်ခါးသီး

 

ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် ဒေ‌သထွက် ချဉ်စော်ကားသီးများမှာ တစ်အိတ်လျှင် ကျပ် ၁၄၀၀၀ မှ ၂၀၀၀ ခန့် အထိဈေးကောင်းရနေပြီး စိုက်ပျိုးသည့် တောင်သူများနှင့် တစ်နိုင်တစ်ပိုင် ရောင်း ဝယ်သူများ အဆင်ပြေလျက်ရှိသည်။ ကွတ်ခိုင်မြို့မဈေးအနီး၌ ဒေသထွက် ချဉ်စော်ခါးသီးများကို နှစ်စဉ် အရောင်းအဝယ် ပြုလုပ်သည့် ဒေါ်ဝင်းဝင်းသန်းက “အရွယ်အစားအလိုက် ဈေးနှုန်းတွေသတ်မှတ်ပြီး

 

ရောင်းဝယ်ကြတာပေါ့။ နယ်ဘက်ကရောင်းတဲ့ ချဉ်စော်ခါးသီးတွေကို အလုံးကြီးရင် ဆာလအိတ် (အလတ်) တစ်အိတ်ကို ၂၅၀၀၀ နဲ့ ဝယ်တယ်၊ ကွတ်ခိုင်မြို့မှာ ၂၈ဝဝလောက်နဲ့ တစ်ဆင့်ပြန်ရောင်းပါတယ်၊ အလုံသေတွေကိုတော့ တစ်အိတ်ကို ၁၀၀၀ နဲ့ ဝယ်ရင် ၁၄၀၀ လောက် အနည်းဆုံး ပြန်ရောင်းရတယ်” ဟု ပြောသည်။

 

ယခုနှစ်တွင် အခြားမြို့များမှ လာရောက်ဝယ်ယူသူ များပြားခြင်းကြောင့် ယခင်နှစ်များထက်ပို၍ ဈေးကောင်းနေကြောင်း တစ်ဆင့်ခံ ရောင်းဝယ်သူများထံမှ သိရသည်။ ဈေးကွက်ကောင်း ရရှိနိုင်ရန်နှင့် သီးများ မပုပ်သိုးဘဲ ကြာရှည်ခံနိုင်ရန်အတွက် မြေကြီးတွင်ဘူး၍လည်းကောင်း၊ ကောက်ရိုးများဖြင့်လုံး၍လည်းကောင်း ချဉ်စော်ခါးသီးများကို လှောင်ထားကြသည်။ အသီးသီးချိန် ရာသီမဟုတ်သည့် ကာလများတွင် ချဉ်စော်ခါးသီး၏ ဈေးနှုန်းသည်လည်း ဈေးကွက်အတွင်း ပိုမိုမြင့်တက်လေ့ရှိသည်။ ချဉ်စော်ခါးသီး အသီးသီးချိန် ကာလတွင် အသီးတစ်လုံးလျှင် ကျပ် ၃၀ဝခန့် ဈေးရရှိပြီး အသီးသီးချိန်မဟုတ်သည့် ကာလများတွင် တစ်လုံးလျှင် ကျပ် ( ၁၀ဝ အထိ ဈေးကွက်ရှိသည်။

 

ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ကွတ်ခိုင်မြို့နယ်အတွင်းမှ ထွက်ရှိနေသည့် ဒေသထွက် ချဉ်စော်ခါးသီးများကို စားသောက်ကုန်အမျိုးမျိုး ဖြစ်သောဖျော်ရည်၊ ဝိုင်၊ ချဉ်စော်ခါးသီးယိုနှင့်အခြားသော စားသုံးကုန်များအဖြစ် ပုံစံအမျိုးမျိုးပြုလုပ်ပြီး မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲ သီပေါ၊ လားရှိုးနှင့် အခြားမြို့များ နှင့်ပြည်ပနိုင်ငံများသို့ လက်လီလက်ကားဖြန့်ဖြူးရောင်း ချလျက်ရှိသည်။

 

အဓိကအားဖြင့် မူဆယ်မြို့နယ်စပ်သေမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့လျက်ရှိပြီး ဓာတုဆေးဝါး အသုံးပြုမှု ကင်းစင်သည့် ဆေးဖက်ဝင်ပို့ကုန်ဖြစ်သောကြောင့် ရောင်းအားကောင်း လူကြိုက်များနေခြင်းဖြစ်သည်။

 

သို့ဖြစ်၍ ပြည်တွင်းပြည်ပမှ ဝယ်လိုအားကောင်းပြီး ဈေးကွက်ကောင်းရရှိနေသည့် ချဉ်စော်ခါးသီးပင်များကို ကွတ်ခိုင်မြို့ နယ်မှသခံပြည်သူများအနေဖြင့် မိမိအိမ်တွင်း စားသုံးကုန်အဖြစ်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း နည်းစနစ်ကျကျဖြင့် တွင်တွင်ကျယ်ကျယ် ဆက်လက် စိုက်ပျိုးထားသင့် ကြပါသည်။ ။

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)