နေပြည်တော် ဧပြီ ၂၅
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုနှင့် ဆက်စပ်၍ ဈေးကွက်၌ ဘိလပ်မြေဝယ်လိုအား မြင့်တက်ခဲ့သဖြင့် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိ စေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့ကြီးအချို့တွင် ရောင်းဝယ် လျက်ရှိသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင်များကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်နှင့် ဂိုဒေါင်တစ်လုံးတို့ ကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၃၄ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၈၇ ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်းရောင်းချသည့် ကုမ္ပဏီသုံးခုတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၈၈ ဆိုင်တို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် လေးဆိုင်တို့ကို လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၁၉ ဆိုင်တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၅၉ ဆိုင်တို့ကို လည်းကောင်း ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေး ခဲ့ရာ စုစုပေါင်းဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃၂၀ ကို စစ်ဆေး တွေ့ရှိချက်များအရ ဝယ်ရင်းဈေးထက်အမြတ်ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ အမြတ်ယူရောင်းချလျက်ရှိသည့် ဆိုင် ၃၀၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်း နှင့်အထက် အမြတ်ယူရောင်းချလျက်ရှိသော ၃၂ ဆိုင်နှင့် ဘိလပ်မြေအိတ်များကို မသမာသည့် နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ အနောက်မြို့ ပတ်လမ်းရတနာသီရိရပ်ကွက် တွင် ဖွင့်လှစ်ထားသည့် ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင် အပါအဝင် ရှစ်ဦးတို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နှင့် အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချသူများကိုလည်း ဆက်လက် ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်