ပုလဲ ၂၅ ဇန်နဝါရီ
စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစွာ စားသုံးနိုင်စေရေးနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ စနစ်တကျ ရောင်းချနိုင်စေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ဈေးကွက်အတွင်းမှ တားမြစ်ထားသော ကုန်ပစ္စည်းများနှင့် စားသုံးရန် မသင့်သည့် အစားအစာများကို ရောင်းချမှု ရှိ၊ မရှိ ကုန်စုံဆိုင်များ၊ စိုက်ပျိုးရေး ဆေးဆိုင်များကို ရှောင်တခင် ဝင်ရောက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက ပုလဲမြို့နယ် စည်ပင်သာယာဈေးနှင့် အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင် ဦးဆောင်၍ ခရိုင်စိုက်ပျိုးရေး အဖွဲ့သည် ပုလဲမြို့နယ် စည်ပင်သာယာဈေးရှိ ကုန်ဆုံဆိုင်များနှင့် စိုက်ပျိုးရေး ဆေးဆိုင်များတွင် တားမြစ်ထားသော ကုန်ပစ္စည်းများ ရောင်းချမှု ရှိ၊ မရှိနှင့် အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းတွင် တားမြစ်ထားသော အစားအသောက်များ ရောင်ချမှုရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်ရေး ရှောင်တခင်ဝင်ရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပုလဲမြို့နယ် စည်ပင်သာယာဈေး FDA တားမြစ်ထားသော သီရိမောင်ငပိထောင်းဗူး၊ နေကြာပန်းငရုပ်ဆီ၊ ကြက်အူချောင်း၊ Super Heard ဆေးပြားနှင့် သက်တမ်းလွန် ငါးသေတ္တာဘူးနှင့် Asia အချိုရည်ဘူးများ တွေ့ရှိသိမ်းဆည်းခဲ့ကြပြီး ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင် ဦးဆောင်သော အဖွဲ့က ပုလဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းကို ရှောင်တခင် စစ်ဆေးကာ ကျောင်းစားသုံးသူရေးရာ အကာအကွယ်ပေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)