မျိုးမြတ်မိုး(MANA)
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည်။ ကော်ဖီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီသီးနှံထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေး (MSME) လုပ်ငန်းများကို ပိုမို ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီလျက်ရှိသည်။ ကော်ဖီကဏ္ဍဖွံ့ဖြိုးရေးအတွက် ကော်ဖီသီးနှံထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ်လျှောက်လုံး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် အဖွဲ့အစည်းများပါဝင်သော ကော်ဖီဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ ကော်ဖီသီးနှံမှာ စိုက်ပျိုးသူများအတွက် အကျိုးများသကဲ့သို့ နိုင်ငံတော်အတွက် ပြည်ပပို့ကုန်တစ်ခု အဖြစ် အလားအလာများစွာရှိနေသည့် သီးနှံဖြစ်သည်။ မြန်မာ့ကော်ဖီဖွံ့ဖြိုးရေးအတွက် နေရာဒေသနှင့်ကိုက်ညီသည့် မျိုးရွေးချယ်မှုမှန်ကန်ရေးကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကော်ဖီကိုတောင်ပေါ်ဒေသများတွင် စိုက်ပျိုးနိုင်သလို မြေပြန့် ဒေသများတွင်လည်း စိုက်ပျိုးကြသည်။
ကော်ဖီအဆန်ထွက်ရှိမှုသည် တန်ချိန် ၁ဝဝဝဝ ခန့်ရှိ
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက် ၍ ၂ဝ၂၂-၂၀၂၃ ခုနှစ်တွင် ကော်ဖီစိုက်ပျိုးပြီး ဧရိယာ စုစုပေါင်း ၂၀၂၄၂ ဟက်တာ (ဧက ၅ဝဝဝဝ ခန့်) ရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီအဆန်ထွက်ရှိမှုသည် တန်ချိန် ၁ဝဝဝဝ ခန့်ရှိကြောင်းသိရှိရသည်။ ကော်ဖီသီးနှံ ထုတ်လုပ်သည့် MSME လုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ကြမ်း၊ သွင်းအားစု၊ အရင်း အနှီး၊ အရင်းအမြစ် စသည့်အချက်လေးချက် ပြည့်စုံအားကောင်းရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသော စီးပွားရေးရည်မှန်းချက်အတိုင်း လုပ်ဆောင်လျက်ရှိရာတွင် နှစ်ရှည်ပင်သီးနှံဖြစ်သော ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများလည်း ပါဝင်သည်။ ပြည်ပပို့ကုန်များတွင် မြန်မာနိုင်ငံမှ ကော်ဖီသည်လည်း ဈေးကွက်ဝင်ပစ္စည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကော်ဖီ ၄၉၉၅၁ ဧက စိုက်ပျိုးထားရာ ကော်ဖီမှာ လေးနှစ်သားအထက်မှစပြီး ကော်ဖီသီးခူးရသည့်အတွက် အသီးခူးဧကမှာ ၃၅၃၇၆ ဧကရှိသည်။ တစ်နှစ်ပတ်လုံးထွက်ရှိမှု အနေဖြင့် ကော်ဖီသီးတန်ချိန် ၉ဝဝဝ ကျော်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှကော်ဖီမှုန့်များ တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲနေခြင်းကို လျှော့ချရန်လိုအပ်သည်။ ကော်ဖီများကို ပြည်ပသို့ များများတင်ပို့နိုင်ရေးဆောင်ရွက်ပြီး ပြည်ပဝင်ငွေများ တိုးပွားအောင်လုပ်ဆောင်ရမည် ဖြစ်သည်။ ကော်ဖီစိုက်ပျိုးမှုကို ပိုမိုတိုးချဲ့ဆောင်ရွက်ပြီး မြန်မာ့ကော်ဖီကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ကော်ဖီကိုတောင်ပေါ် ဒေသများတွင် စိုက်ပျိုးနိုင်သလို မြေပြန့်ဒေသများတွင်လည်း စိုက်ပျိုးကြသည်။ တောင်ပေါ်ဒေသတွင် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃ဝဝဝ ကျော်မှ ပေ ၆ဝဝဝ အထိ ဖြစ်ထွန်းသည်။ လက်ရှိစိုက်ပျိုးနေသည့်နေရာများမှာ ကချင်ပြည်နယ်တွင် ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေးတိုင်းဒေသကြီးတွင် မိုးကုတ်နှင့် ပြင်ဦးလွင်၊ ရှမ်းပြည်နယ်တွင် ကျိုင်းတုံ၊ တာချီလိတ်၊ လွိုင်မွေ၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ နောင်တရား၊ ပင်လောင်း၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ချင်း ပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းတို့တွင် စိုက်ပျိုး ကြသည်။ မြေပြန့်ကော်ဖီများကို ကရင်ပြည်နယ် လိပ်သို၊ သံတောင်ကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုး ဖြစ်ထွန်းသည်။
ကုန်းမြင့်ကော်ဖီကို ဇုန်လေးဇုန်ခွဲပြီးစိုက်ပျိုး
ကော်ဖီကို အရိပ်ရအပင်များအောက်တွင် စိုက်ပျိုးလေ့ရှိသည်။ အခြားသောအပင်များကို စိုက်ပျိုးလျှင် မြေကိုရှင်းလင်းရသော်လည်း ကော်ဖီ စိုက်ပျိုးခြင်းမှာမူ အရိပ်ရအပင်ကို အရင်စိုက်ရခြင်း ဖြစ်သည်။ ပြင်ဦးလွင်တွင် ခါတော်မီကိုအရင်စိုက်ပြီး ထိုအပင်အောက်မှ ကော်ဖီကိုစိုက်ကြသည်။ ကော်ဖီစိုက်ပျိုးခြင်းမှာ သစ်တောဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာထိန်းသိမ်းမှုဖြစ်စေသည်။ လက်ရှိအခြေအနေတွင် ကုန်းမြင့်ကော်ဖီကို ဇုန်လေးဇုန်ခွဲပြီး စိုက်ပျိုးရန်ဖြစ်ပြီး ဇုန် (၁)မှာ ပြင်ဦးလွင်၊ နောင်ချိုနှင့် မိုးကုတ်ဒေသတို့ ပါဝင် သည်။ တစ်နှစ်ကိုဧက ၁၅ဝဝဝ နှင့် ငါးနှစ်တွင် ဧက ၇၅ဝဝဝ စိုက်ပျိုးမည်ဖြစ်သည်။ ဇုန် (၂) တွင် ရွာငံ နှင့် ပင်းတယတို့ပါဝင်ပြီး ငါးနှစ်တွင်ဧက ၃၇၅ဝဝ၊ ဇုန် (၃)တွင် ဟိုပုံး၊ ပင်လောင်း၊ နောင်တရား၊ ဟဲဟိုး၊ မဲနယ်တောင်ပါဝင်ပြီး ငါးနှစ်တွင် ဧက ၅ဝဝဝဝ စိုက်ပျိုးမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးဇုန် (၄) တွင် ကျိုင်းတုံ၊ တာချီလိတ်ပါဝင်ပြီး ဧက ၃၇၅ဝဝ စိုက်ပျိုးမည်ဖြစ်ပေရာ စုစုပေါင်း ဧက ၂ဝဝဝဝဝ စိုက်ပျိုးမည်ဖြစ်သည်။ မြေပြန့်ကော်ဖီဖြစ်သည့် ရိုဘတ်စကာကို တနင်္သာရီတိုင်းဒေသကြီးတွင် ဧက ၅ဝဝဝဝ နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဧက ၂၅ဝဝဝ စီ စုစုပေါင်းဧက ၁ဝဝဝဝဝ စိုက်ပျိုးမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးခြင်းမှာ မူလအစတွင် ရင်းနှီးမြှုပ်နှံမှု များသော်လည်း နောင်တွင်အရင်းကျော်ပြီး အမြတ်များသာရရှိတော့မည်ဖြစ်သည်။ ၁၆ နှစ်အထိ ဆက်တိုက်အမြတ်ရရှိ နေမည်ဖြစ်ပြီး ၁၆ နှစ်ကျော်ပါက အသီးထွက် လျော့နည်းလာမည်ဖြစ်သည်။
ကော်ဖီစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းခြင်းမှ ပြည်ပသို့ များများတင်ပို့နိုင်လေလေ နိုင်ငံခြားငွေ ရရှိလေလေဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ကော်ဖီစိုက်ပျိုးခြင်းကို အလေးအနက် ထားလျက်ရှိသည်။ အဓိကအားဖြင့် နိုင်ငံ့စီးပွား မြင့်မားရေးအတွက်ဖြစ်သကဲ့သို့ ကော်ဖီစိုက် တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးလည်းပါဝင်သည်။
ကော်ဖီစိုက်တောင်သူများကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် အတိုးနှုန်းသက်သာစွာ တစ်ဧကလျှင် ငွေကျပ် ၁ဝ သိန်း ချေးပေးသည်။ မျိုးကောင်းမျိုးသန့် ကော်ဖီပျိုးပင်များနှင့် နည်းပညာများ ပံ့ပိုးပေးသည်။ လုပ်ကွက်ငယ် တောင်သူများအတွက် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေရရှိရေး ဆောင်ရွက်ပေးသည်။ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များသာမက ပြည်ပက လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ပရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ပေးလျက်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်တွင် ခိုင်မာစွာနေရာရရှိရန် အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ရန် နည်းပညာနှင့် ပစ္စည်းကိရိယာများ ပံ့ပိုးပေးသည်။ ကော်ဖီဝယ်လိုအားရှိသည့် ပြည်ပနိုင်ငံများနှင့် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးသည်။ ကော်ဖီလုပ်ငန်းနှင့်ဆက်စပ်သည့် စက်ကိရိယာပစ္စည်းများကို အခွန်အကောက်အနည်းဆုံးနှင့် တင်သွင်းနိုင်ရန် ဆောင်ရွက်ပေးသည်။ နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးခြင်းများနှင့်အတူ ကော်ဖီ လုပ်ငန်းရှင်များကလည်း မျိုးကောင်းမျိုးသန့် ကော်ဖီများကို တိုးချဲ့စိုက်ပျိုးကြရန်ဖြစ်သည်။
မြန်မာနိုင်ငံမှ ကော်ဖီတင်ပို့သော နိုင်ငံများမှာ ဆွစ်ဇာလန်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ ယူအေအီးတို့ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၄၅ဝ မှ ၅ဝဝ ခန့်ဖြစ်ကြောင်း သတင်းများအရ သိရှိရသည်။ မြန်မာ့ကော်ဖီကို ကုန်ကြမ်းအဖြစ်သာ တင်ပို့နေရ ခြင်းဖြစ်ရာ ပြည်တွင်း၌ ကော်ဖီကို ကုန်ချောအဖြစ် ထုတ်လုပ်သည့်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ပါက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာရန် အထောက်အကူ ပြုလာနိုင်မည်ဖြစ်သည့်အပြင် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်လာစေရန်လည်း အထောက်အကူပြုနိုင် မည်ဖြစ်သည်။ ပြည်တွင်းသို့တင်သွင်းနေသည့် နိုင်ငံခြား ကော်ဖီကုန်ချောများတွင် ကမ္ဘာ့ဈေးကွက်တွင် နေရာရနေသည့် အမှတ်တံဆိပ်များ ပါဝင်သည့် အနက် ထုတ်လုပ်သည့်နိုင်ငံများမှာ နိုင်ငံငယ်များ သာဖြစ်သည်ကို တွေ့ရှိနိုင်သည်။
မြန်မာ့ကော်ဖီသည် နိုင်ငံတကာဈေးကွက်တွင် နာမည်ကောင်းရရှိနေ
မြန်မာ့ကော်ဖီသည် အရည်အသွေး အနံ့အရသာအရ နိုင်ငံတကာကော်ဖီဈေးကွက်တွင် အလားအလာရှိသော ကုန်စည်ဖြစ်သည်။ ပြင်ဦးလွင်နှင့် ရွာငံဒေသထွက်ကော်ဖီများသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့် အသိအမှတ်ပြုခံထားရပြီးဖြစ်ရာ မိမိတို့ အမှတ်တံဆိပ်များနှင့် ကော်ဖီကုန်ချောများ ကမ္ဘာ့ဈေးကွက်တွင် နေရာရလာရေး ကြိုးပမ်းသွားကြရန် လိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီခေါ် အာရေဗီကာကော်ဖီ ဧက ၄ဝဝဝဝ ခန့်နှင့် မြေနိမ့်ကော်ဖီခေါ် ရိုဘတ်စကာကော်ဖီ စိုက်ဧက ၁ဝဝဝဝ ခန့် စုစုပေါင်း ကော်ဖီဧက ၅ဝဝဝဝ ခန့် စိုက်ပျိုးလျက်ရှိသည်။ နှစ်စဉ်ကော်ဖီတန်ချိန် ၉ဝဝဝ ကျော် ထွက်ရှိသည့် အနက် တန်ချိန် ၅၀၀၀ ကျော်ကို ပြည်ပသို့ တင်ပို့ လျက်ရှိကြောင်းနှင့် တိုးချဲ့တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ကော်ဖီများကို တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ကမ္ဘာပေါ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့နေသည့် နိုင်ငံပေါင်း မြန်မာ အပါအဝင် ၇၅ နိုင်ငံရှိရာ မြန်မာ့ကော်ဖီသည် အနံ့ အရသာနှင့် အရည်အသွေးပိုင်း၌ ထိပ်တန်းအဆင့် မြင့် နိုင်ငံတကာဈေးကွက်တွင် နာမည်ကောင်း ရရှိနေသည်ဟု သိရသည်။
ကော်ဖီသီးနှံမှာစနစ်တကျ တစ်ခါစိုက်ပျိုးပြီလျှင် ရေရှည်အကျိုးပြုသည့် နှစ်ရှည်သီးနှံ ဖြစ်သည်။ နိုင်ငံတော်က ကော်ဖီဖွံ့ဖြိုးရေးအတွက် အားပေးမှုရှိသည့်အတွက် လုပ်ငန်းများအောင်မြင် မှုရရှိနေသည်။ အရည်အသွေးကောင်းကော်ဖီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကော်ဖီသီးမှည့်အခွံ ချွတ်စက်၊ အကျိအချွဲဖယ်စက်၊ ကော်ဖီလှန်းစင်၊ ကော်ဖီသီးအချိုဓာတ်တိုင်းကိရိယာ၊ ကျင်းတူးစက်၊ နေရောင်ခြည်သုံး အခြောက်ခံကိရိယာ စသည့် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို နိုင်ငံတော် က ထောက်ပံ့ကူညီပေးလျက်ရှိသည်။ မျိုးကောင်း မျိုးသန့် ကော်ဖီပျိုးပင်များနှင့် နည်းပညာများပံ့ပိုး ပေးသည်။ လုပ်ကွက်ငယ်တောင်သူများအတွက် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေရရှိရေး ဆောင်ရွက်ပေးသည်။ ကော်ဖီကို လူတိုင်းနီးပါး သောက်သုံးနေသည့်အချိန်ကာလတွင် မြန်မာ့ကော်ဖီသည် လူကြိုက်များလျက်ရှိသည်။ မွှေးပျံ့သောရနံ့နှင့် ခါးဆိမ့်သောအရသာရှိသည့် ကော်ဖီတစ်ခွက်က ပင်ပန်းမှုကိုပြေစေသည်။ လန်းဆန်းမှုကိုဖြစ်စေသည်။ လူတန်းစားမရွေး၊ အချိန်အခါမရွေး ကော်ဖီကိုနှစ်သက်စွာသောက်သုံးကြသည်။ မြန်မာ့ကော်ဖီ သည် အနံ့၊ အရသာ ထူးခြားပြည့်စုံပြီး ကာလာစုံ၊ ဒီဇိုင်းစုံ၊ ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ပြည်တွင်း စားသုံးသူများအပြင် ပြည်ပဈေးကွက်သို့လည်း တင်ပို့လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းမှာ နိုင်ငံ့စီးပွား မြင့်မားရေးအတွက် ဖြစ်သကဲ့သို့ ကော်ဖီစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးလည်း ပါဝင်ကြောင်း ရေးသား လိုက်ရပါသည်။