နေပြည်တော်၊ အောက်တိုဘာ ၃
ငါးမွေးမြူသူများလိုအပ်သည့် သားပေါက်များ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးရန် သဘာဝနည်း၊ ဆေးထိုးသားဖောက်နည်းများဖြင့် မျိုးကောင်းမျိုးသန့် ငါးသားပေါက်များ တိုးမြှင့်ထုတ်လုပ်သွားရန်လိုအပ်ကြောင်း၊ ဈေးကွက်လိုအပ်ချက် အခြေခံသည့် ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်းစခန်း၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ကန်များ အင်းများနှင့် သဘာဝရေပြင်ကျယ်များတွင် ငါးမျိုးများစိုက် ထည့်ပေးနိုင်ရေးအတွက် ငါးသားပေါက်များ ထုတ်လုပ်ပေး လျက်ရှိသည့် ကူမဲငါးလုပ်ငန်းစခန်းသို့ ရောက်ရှိစဉ် မျိုးငါးကန်များ၌ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးခုံးမကြီးနှင့် ရေချိုငါးမုန့် မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း ၊ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (ဂျီအေကျူပီ-GAqP) ငါးမွေးကန်အား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းစခန်း သာယာလှပစေရေး၊ ငါးမွေး မြူရေးကန်များ စနစ်တကျထိန်းသိမ်းရေး၊ ဒေသ၏ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာရေး အတွက် စည်းရုံးပညာပေးဆောင်ရွက်ရန်၊ ငါးမျိုးကောင်းမျိုးသန့်များ တိုးချဲ့ထုတ်လုပ်ရန် ၊ ဝန်ထမ်းများသက်သာချောင်ချိရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို တာဝန်ရှိသူများကို ဆွေးနွေး မှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ် အင်းကုန်းကျေးရွာရှိ စက်မှုလယ်ယာဦးစီးဌာန မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ သို့ ရောက်ရှိကြပြီး စက်ရုံက ထုတ်လုပ်လျက်ရှိသည့် လက်ကိုင်ရှည် ထွန်စက်များ ဖြန့်ဖြူးခြင်း၊ ဒေါင်ဖန်း လက်တွန်း ထွန်စက်များ ထုတ်လုပ် ဖြန့်ဖြူးခြင်း၊ လက်တွန်းထွန်စက် နှင့် တွဲဘက်အသုံးပြုသည့် သံဘီးများ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် အခြားလယ်ယာသုံးစက်ကိရိယာများ သုတေသနပြု စမ်းသပ်ခြင်းလုပ်ငန်းခွင်ကိုလည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာ သုတေသနပြု ဆောင်ရွက်နေမှုနှင့် တီထွင်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံ၏ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေး၊ ဒေသမြေမျက်နှာပြင်အခြေအနေ အပေါ်မူတည်၍ လုပ်ငန်းခွင်နှင့် ကိုက်ညီပြီး အရည်အသွေးပြည့်မီသော လယ်ယာသုံးစက်ကိရိယာများ တီထွင်ထုတ်လုပ် နိုင်ရေးအတွက် စဉ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် စက်ရုံများက ထုတ်လုပ်လိုက်သည့် စက်ပစ္စည်း အရည်အသွေးကောင်းမွန်ရေး ဦးစားပေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)