နေပြည်တော် ဖေဖော်ဝါရီ

 

နိုင်ငံတော်၏ အသားထုတ်လုပ်မှုကဏ္ဍ နှစ်ဆတိုး တိုးတက်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၆) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ညွန်ကြားရေးမှူးချုပ်က ပြည်သူများ၏ စားသောက်မှုပုံစံ ပြောင်းလဲလာမှုကြောင့် အသားစားသုံးမှု တိုးတက်လာခြင်းနှင့်အတူ အသားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို တစ်နိုင်ငံလုံအတိုင်းအတာဖြင့် ဆောင်ရွက်နေမှု၊ နိုင်ငံတော်၏ အသားထုတ်လုပ်မှုကဏ္ဍ နှစ်ဆတိုး တိုးတက်ထုတ်လုပ်ရေးအခွင့်အလမ်းများ၊ မွေးမြူရေးဇုန်များ အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ ကာကွယ်ဆေးထိုးခြင်း၊ ကူစက်ရောဂါများအတွက် ကြိုတင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ၏ မွေးမြူ ထုတ်လုပ်မှု အခြေအနေ၊ မွေးမြူရေးအစားအစာထုတ်လုပ်သူများ၏ လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပံ့ပိုးကူညီပေးနိုင်ရေး၊ မွေးမြူရေးကိုအခြေခံ သည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေး ၊ တိရစ္ဆာန်အစာ စိုက်ပျိုး ကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရေးအတွက် မွေးမြူရေးခြံ တည်ထောင် လုပ်ကိုင်လိုသူများအား လက်တွဲခေါ်ယူပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အလား အလာကောင်းသော ဒေသများတွင် တစ်ပိုင်တစ်နိုင် မွေးမြူနိုင်သည့် တိုင်းရင်းမျိုး ကြက်၊ သိုး၊ ဆိတ်၊ နို့စားနွား၊ ဝက်များမွေးမြူရေး၊ ဥစားကြက်၊ အသားစားကြက်မွေးမြူရေး လုပ်ငန်းများကို ကောင်းမွန် သော မွေးမြူရေးကျင့်စဉ် GAHP-ဂျီအေအိပ်ပီနှင့်အညီ မွေးမြူထုတ်လုပ်မှု အားကောင်းလာစေရေး၊ ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများ ကို စီမံချက်ချမှတ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေး ခြံ (နေပြည်တော်)ရှိ မြစိမ်းရောင်နို့နှင့် ဒိန်ချဉ်ထုတ်စက်ရုံသို့ရောက်ရှိပြီး နို့ပေါင်းခြင်း၊ ဒိန်ချဉ်ထုတ်လုပ်ဖြန့်ဖြူမှု အခြေအနေ များကိုလည်းကောင်း၊ နို့စားနွားမွေးမြူထားရှိမှုနှင့် နွားစာမြက်(နေပီယာ) စိုက်ပျိုးထားရှိမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)