ဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်မှန်ကန်ရေး

ဈေးကွက်စီးပွားရေးတွင် ဈေးနှုန်းယန္တရားများ တည်ငြိမ်စွာလည်ပတ်ရေးသည် အရေးပါသည်။ ဈေးနှုန်းသည် ကုန်စည်နှင့် ဝန်ဆောင်မှုလိုအပ်ချက်ကို အချက်ပြနေပြီး ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်ခြင်း၊ မဆောင်ရွက်နိုင်ခြင်းသည် ကုန်ပစ္စည်းဈေးနှုန်းတက်ခြင်း၊ ဈေးနှုန်းကျခြင်းကိုဖြစ်စေသည်။ ကုန်စည်လိုအပ်ချက် မြင့်မားနေပါက ဈေးနှုန်းမြင့်မားပြီး အမြတ်အစွန်းအတွက် ရလိုမှုများရှိလာသည်။ ဈေးနှုန်းမြင့်မားမှုသည် ငွေကြေးဖောင်းပွမှုကိုဖြစ်စေပြီး ငွေလဲနှုန်းမတည်ငြိမ်ခြင်း စသည့်ပြဿနာများကိုဖြစ်စေသည်။

ထို့ကြောင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို နိုင်ငံတော်က ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ အဓိကကျသော နိုင်ငံခြားငွေလဲလှယ်နှုန်း၊ စက်သုံးဆီ၊ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ စက်သုံးဆီ၊ စားသုံးဆီတို့ကို ပြည်သူများ သက်သာသောဈေးနှုန်း၊ တည်ငြိမ်သောဈေးနှုန်းများဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး အတွက် စီးပွားရေးလုပ်ငန်းရှင်များက ဈေးကွက်ပေါက်ဈေး၊ ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချနိုင်ရေး၊ တရားမဝင်လုပ်ဆောင်မှုများ မရှိစေရေးတို့ကို အထူး အလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့်ကာလအတွင်းက စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်စေပြီး ဈေးနှုန်းမြင့်မားလာအောင် မသမာသော ဆောင်ရွက်မှုများရှိခဲ့ပြီး ပြန်လည်ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ခဲ့သောကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိဘဲ တည်ငြိမ်မှု ပြန်လည်ရရှိခဲ့သည်။ သို့သော် မသမာမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။ပြီးခဲ့ သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် စက်သုံးဆီ ၃ ဒသမ ၈၁၀ တန် ခန့်မှန်းတန်ဖိုး ကျပ် ၁၂ သန်းနှင့် မကွေးတိုင်းဒေသကြီးတွင် စက်သုံးဆီ ၁၀ ဒသမ ၄၆၄ တန် ခန့်မှန်းတန်ဖိုးကျပ် ၃၅ ဒသမ ၉၉၂ သန်း စုစုပေါင်း စက်သုံးဆီ ၁၄ ဒသမ ၂၇၄ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် ၄၇ ဒသမ ၉၉၂ သန်းတန်ဖိုးကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

စက်သုံးဆီ အရောင်းဆိုင်များနှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာ ရောင်းချနေမှုများအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ စက်သုံးဆီ သိုလှောင်ထားရှိမှုများနှင့် စက်သုံးဆီအရောင်းဆိုင်များအား စောင့်ကြည့်မှတ်တမ်းများ ထားရှိ ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါစက်သုံးဆီနှင့် ပတ်သက်သည့်နေရာများကို စောင့်ကြည့်ကြပ်မတ် ဆောင်ရွက်ရေးတွင် စက်သုံးဆီသိုလှောင်ကန် ရှစ်ခုနှင့် စက်သုံးဆီအရောင်းဆိုင် ၅၉၁ ဆိုင်ကို ချိတ်ဆက် ဆောင်ရွက်ထားပြီးဖြစ်သည်။

ဆီဘောက်ဆာယာဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် တိုးဂိတ် ၅၂ ခု အပါအဝင် စောင့်ကြည့်မှတ်တမ်းအရေ အတွက် ၅၄၂ ခု တပ်ဆင်ပြီးဖြစ်သည်။ အများပြည်သူများ အနေဖြင့်လည်း အွန်လိုင်းအသုံးပြုပြီး နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များမှ လိုအပ်သည့်စက်သုံးဆီအမျိုး အစားနှင့်ပတ်သက်၍ ရောင်းဈေးနှုန်းကိုသိရှိပြီး လိုအပ်သလောက်ဝယ်ယူနိုင်မည့် ဆော့ဖ်ဝဲအက်ပလီကေးရှင်း တစ်ခုကို ရေးဆွဲပြီးဖြစ်၍ ယခုဖေဖော်ဝါရီလကုန်မှစပြီး ပြည်ထောင်စုနယ်မြေအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စမ်းသပ်အသုံးပြုလျက်ရှိသည်။ ဆက်လက်၍ လိုအပ်ချက်များကိုပြုပြင်ပြီး ယခု မတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၃၀၀ ကျော်တွင် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

စားအုန်းဆီနှင့်ပတ်သက်၍လည်း ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများကို အပတ်စဉ်ထုတ်ပြန် ပေးလျက်ရှိပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်ချက်များကိုစိစစ်၍ စနစ်တကျဖြန့်ခွဲပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့များက ကြပ်မတ်၍ မြို့နယ်အလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်း များအတိုင်း ရောင်းချမှုရှိမရှိ၊ မသမာမှုများရှိမရှိ၊ ပြည်သူများ အဆင်ပြေလွယ်ကူ ချောမွေ့စွာရရှိနိုင်ခြင်းရှိမရှိ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ အဓိကကုန်စည်များ တည်ငြိမ်မှန်ကန်မှုရှိခြင်း၊ မရှိခြင်းသည် ကုန်စည်ပစ္စည်းဈေးနှုန်းများ မြင့်မားမှု၊ ငွေကြေးဖောင်းပွမှုတို့နှင့် ဆက်စပ်လျက် ရှိသဖြင့် ပြည်သူများ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေရေးအတွက် စက်သုံးဆီ၊ စားသုံးဆီ၊ ဆန်ကဲ့သို့ အဓိကကုန်စည်ပစ္စည်းများ ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်မှု ရှိစေရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ကြေးမုံ