နေပြည်တော် ၁ ဇူလိုင်
စတုတ္ထအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ (၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၉ ရက် နံနက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေတက်ရောက်ပြီး စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုများအား ခေတ်နှင့်လျော်ညီစွာ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ ထုတ်ကုန်ပစ္စည်းများမှာ စိုက်ပျိုးရေး ထွက်ကုန် ထုတ်ကုန်များသာ အများစုဖြစ်သည်။ ထုတ်ကုန်များကို ဒေသတွင်းအတွက်သာမက ပြည်ပသို့ပါ တင်ပို့နိုင်ရေးအတွက် ဈေးကွက်ဝန်ဆောင်မှုနှင့် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် MSMEs လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းအဖြစ် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ပုံမှန်အားဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဖြန့်ကြက် လုပ်ကိုင်လျက်ရှိသော်လည်း ဈေးကွက်ဝင် တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးဘက်တွင် လိုအပ်ချက်များ ရှိနေသေးသောကြောင့် နိုင်ငံတော်က ပါဝင်ကူညီ ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ၉၉ ရာခိုင်နှုန်းရှိနေသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်အားပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲများကို အလှည့်ကျ ကျင်းပပေးခြင်းသည် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ ထုတ်ကုန်အရည်အသွေး မြှင့်တင်နိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရေးအတွက် အထောက်အပံ့ကောင်းများ တိုးတက်ရရှိလာနိုင်သည်။ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပခြင်းသည် အခြားဒေသများနှင့်မတူ တစ်မူထူးကဲသည်ဟု ဆိုနိုင်သည်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သည် ခေတ်မီထုတ်ကုန်ပစ္စည်းများ အများဆုံး ထုတ်လုပ်တင်သွင်းလျက် ရှိသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိသောကြောင့် ပို့ကုန်၊ သွင်းကုန် ယှဉ်ပြိုင်မြှင့်တင်ဆောင်ရွက်ရန်အတွက် အခွင့်အလမ်းများတိုက်ရိုက် ထိတွေ့ရရှိနိုင်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာ၌ မိမိတို့၏ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက အာဆီယံဒေသတွင်း ဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်အောင် တဖြည်းဖြည်း တိုးချဲ့သွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေးလုပ်ငန်းများဖြစ်လာရန်အတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုများဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်စရိတ် လျှော့ချရာ၌ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် ပြည်နယ်များသည် အားသာချက်များရှိသဖြင့် အဆင့်အတန်းမြင့်မားသည့် ဈေးကွက်အရည်အသွေး၊ ခေတ်မီထုပ်ပိုးမှုပုံစံများဖြင့် ဒေသတွင်းနှင့် နိုင်ငံများကြိုက်နှစ်သက်သည့် ထုံးစံများနှင့်အညီ တီထွင်ကြံဆ ထုတ်လုပ်သွားသင့်ပေသည်။
သို့ဖြစ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေးကို အားစိုက် အကောင်အထည်ဖော်လျက် ရှိနေချိန်တွင် ငြိမ်းချမ်းရေးနှင့် ယှဉ်တွဲဖြစ်ထွန်းစေမည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခံလုပ်ငန်းများဖြစ်သည့် အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အောင်မြင်ဖြစ်ထွန်းလာအောင် ဝန်ဆောင်မှုနှင့် အရည်အသွေးမြင့်မားမှုကို ရှေးရှု ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း။
ကြေးမုံ