ခင်မောင်ညို(ဘောဂဗေဒ)
တစ်လောက မြိတ်(ဘိတ်)ကို အရပ်ဘက်အဖွဲ့အစည်း တစ်ခုရဲ့အစီအစဉ်နဲ့ ရောက်ခဲ့ရတယ်။ ကိုယ်ရောက်နေတဲ့အချိန်မှာ အငယ်စား၊ အသေးစား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းလေးတွေနဲ့ ပတ်သက်လို့ပြပွဲ၊ ပြိုင်ပွဲတစ်ခုလုပ်နေတာနဲ့ သွားတိုးတယ်။ ဒါနဲ့ကြုံကြိုက်လို့ သွားကြည့်တယ်၊ ဆွေးနွေးပွဲတစ်ခုကိုသွားနားထောင်တယ်။ ကြွားတဲ့အသံ ကြားရမလား၊ ညည်းတဲ့အသံကြားရမလား သိချင်တာကိုး။ တကယ်တော့ ကြွားမယ်ဆိုလည်း ကြွားထိုက်တာတွေ၊ ညည်း မယ်ဆိုလည်း ညည်းညူထိုက်တဲ့အသံတွေ တကယ်ရှိတာ မှန်ပါတယ်။ ဒေသရဲ့ အခင်းအကျင်းအရ တခြားနိုင်ငံနဲ့နီးစပ်လေတော့ ဒါကလည်း အခွင့်အလမ်းတစ်ခု ဖြစ်နိုင်သလို၊ စိန်ခေါ်မှုဖြစ်နိုင်တာတွေကိုလည်း ဆွေးနွေးမိတယ်။ အစည်းအဝေးတွေရဲ့ ထုံးစံအတိုင်း ဖွင့်ပွဲလောက်သာ လူအပြည့်၊ ခုံအပြည့်ရှိတတ်ကြတာမို့ ပြောချင်သူတွေ၊ ပြောစရာတွေ ရှိနေပေမယ့် လက်ခံမယ့်သူ၊ နားထောင်မယ့်သူမရှိတဲ့ အဖြစ်မျိုးကလည်း ခဏခဏ ကြုံတွေ့ရပါတယ်။ ဥပမာ မူပိုင်ခွင့်ကိစ္စလိုမျိုးကို ဒေသခံတွေက သူတို့နဲ့ သိပ်ပြီးသက်ဆိုင်တယ် မထင်ကြဘူး။ ဒါပေမယ့် နေပြည်တော်မှာလုပ်တဲ့ ပြပွဲတစ်ခုမှာတော့ကုန်ပစ္စည်းရဲ့ အမှတ်တံဆိပ်ဟာ နိုင်ငံတကာသုံး အမှတ်တံဆိပ်တစ်ခုဖြစ်နေလို့ ဘယ်လိုမှ ဆုပေးဖို့ မစဉ်းစားနိုင်တာကြုံခဲ့ရတယ်။
မြိတ်က ပွဲမှာကြုံခဲ့တဲ့ တာဝန်ရှိသူတွေက နေပြည်တော်ပွဲအတွက် ကြိုဖိတ်သွားကြတယ်။ ဝိုင်းဖွဲ့ဆွေးနွေးပွဲမှာပါဝင်ဖို့၊ ပြီးတော့ ခေါင်းစဉ်တစ်ခုနဲ့ ပြောဖို့တဲ့။ ရတယ်လေ၊ ပြောတာပေါ့။ ဘာပြောမလဲမေးတော့အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ကိုယ့်လုပ်ငန်းကိုယ် ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အကြောင်း ပြောမယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ အများအားဖြင့် ချေးငွေရဖို့၊ အခြားအကူအညီတွေပေးဖို့ ခဏခဏ ပြောသံကြားရတယ်။ လိုအပ်တာလည်း အမှန်ပဲ။ ဒါပေမယ့် တခြားအကူအညီရဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။ လောလောဆယ် လုပ်နိုင်တဲ့ကိစ္စက ကိုယ့်လုပ်ငန်းထဲမှာ ကိုယ်ဘာတွေလုပ်နိုင်သေးသလဲ၊ ဘာတွေလုပ်ဖို့ ကျန်နေသေးသလဲ၊ ဘာတွေလုပ်မလဲဆိုတာတွေပဲလေ။ တစ်နည်းပြောရရင်တော့ အကူအညီ တောင်းတာလည်းတောင်း၊ ကိုယ့်ကိစ္စကိုယ် အရင်စလုပ်ကြဖို့ ကိုယ်ကစကြပေါ့။
၂၂.၃.၂၀၁၉ ရက်နေ့က ဖွင့်ပွဲလုပ်အပြီး ပြခန်းတွေလိုက်ကြည့်တယ်။ နယ်ကပြိုင်ပွဲတွေမှာ ဆုရပြီးသား လုပ်ငန်းတွေအားလုံး အညွန့်တွေ၊ အဖူးတွေ အားလုံး လိုလို ရောက်နေကြတာပါလား။ တချို့စမ်းသပ်ဆဲ၊ ဈေးကွက်ရှာဆဲလုပ်ငန်းတွေလည်း အများကြီးပါတယ်။ သစ်အချောထည်လုပ်ငန်းက ပြထားတာတွေဆိုရင် ကိုယ့်မမြင်ဖူးတာတွေ အများကြီး။ သပွတ်အူကလည်း အသွင်သစ်၊ အမြင်သစ် တစ်ခုဖြစ်လို့၊ မြိတ်ကလာတဲ ကမ်းဇော်ဆီနဲ့ ငှက်သိုက်ဆိုင်တွေကလည်း အများသား။ ကမ်းဇော်ဆီကလည်း အရည်အတိုင်း သုံးစရာမလို၊ ဆေးလုံးတွေဖြစ်နေလို့ ကိုယ်တောင်မမှတ်မိ။ ကိုယ်သုံးနေကျ တိုင်းရင်းဆေးတွေလည်း တွေ့ရဲ့၊ ပြိုင်ပွဲဝင်တော့ တိုင်းရင်းဆေးဆိုတာ ဓာတုဗေဒဆေးဝါး (Pharmaceutical) မဟုတ်ဘူးလို့ ဆွေးနွေးတော့ လက်ရှိစက်ပစ္စည်း ကိရိယာတွေနဲ့ ဓာတုဗေဒဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ချက်ရှိကြောင်း သိရတယ်။ ဓာတုဗေဒပညာရှင်၊ အစားအသောက်နည်းပညာရှင်တွေကလည်း ဝိုင်းဝန်းအကြံပေးကြသတဲ့။
မန္တလေးက ကြေးသွန်းလုပ်ငန်းကြီးတစ်ခုကို ထူးထူး ခြားခြားတွေ့ရလို့ ဝမ်းသာတယ်။ သူတို့ကလည်း အခုရုပ်တုတွေထုရာမှာ လေဆာနည်းပညာသုံး ပုံဖော်နိုင်ပြီတဲ့။ ရုပ်ပွားတော်တွေသာ ထုတ်လုပ်နိုင်တာမဟုတ်၊ အကြီးစား စက်ပစ္စည်းတွေကိုပါ ထုတ်လုပ်နိုင်တယ်ဆိုတာ သိစေချင်ပါသတဲ့
ကိုယ့်ရဲ့ အကြိုက်ဆုံး လက်ဖက်ခြောက်၊ ကော်ဖီမှုန့်နဲ့လက်ဖက်တွေအကြောင်း အထွေအထူး မပြောတော့ပါဘူး။ ဒါပေမယ့် ရှီးပတီးကို အဆင်မြင့်မြင့် အသုံးချလာကြတာ၊ အရေးမပါဘူးလို့ထင်ရတဲ့ အောင်မည်းညို အပွင့်လေးတွေက ကိုယ်နားလည်ထားတာထက် ဆေးဖက်ဝင်၊ ဈေးကွက်ဝင်လာကြတာတွေ သတိထားမိပါတယ်။ ပခုက္ကူ ကလာတဲ့ ချည်ထည်လုပ်ငန်းတစ်ခုက ဆုရရှိခဲ့သလို လူသိနည်းတဲ့ ပခုက္ကူယိုစုံတွေ၊ ဖိနပ်တွေကိုလည်း မြင်ရတယ်။ ဖိနပ်ကို လျှော်ဖို့ Brush တစ်ခုထည့်ပေးတာတို့၊ အိတ်ကလေးနဲ့ ထည့်ပေးတာတို့ဆို ရိုးရိုးလေးနဲ့ ဆန်းသစ် လာတာပါ။
ဝဥ၊ ကုလားပဲ၊ ငါးခြောက်၊ ပဲလှော်၊ ပဲကြော်လုပ်ငန်းတွေဆိုရင် တွေ့ရလိမ့်မယ်လို့တောင် ထင်မထားပါဘူး။ ဆန်ဆိုရင် ကိုယ့်မျက်စိထဲမှာ မဆန်းပေမယ့် အားဖြည့်ဆန်တဲ့၊ ဆီးချိုသမားတွေအတွက် ဆန်တဲ့။ ပဲခူးက ငါးဖယ်ချဉ်တောင် ပါလိုက်သေး။ မကွေးကလာတဲ့အထဲ အမေထွား ပဲဆီသန့်တို့ ပါသလို သားသား ဆန်ပြုတ်ကလည်း လူတွေစိတ်ဝင်စားကြသား။ ဘက်ထရီအားသုံး မော်တော်ကားတွေ၊ယန္တရားတွေ၊ အခြောက်ခံစက်ကြီးတွေကတော့ ကိုယ်သိပ်နားမလည်။ ဆုရတဲ့အထဲမှာ မော်တော်ကားသုံး Gascad ထုတ်လုပ်တဲ့ လုပ်ငန်းကလည်း ပြည်ပပို့ရသတဲ့။ လှော်တက်ကုမ္ပဏီရဲ့ ငါးမျှားတံဝါးတွေကလည်း ပြည်ပပို့ကုန်ပဲ။ ရေသန့်စက်တွေလည်းပါရဲ့။ အေးသာယာဝိုင်အပြင် ဆိုဂျူ ကိုလည်း ပရိသတ်တွေ အားပေးကြတယ်။ ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်တွေလည်း မျက်နှာပွင့်ရဲ့။ နေပြည်တော်ရဲ့ နာမည်ကျော် နန်းစိန်မုန့်လုပ်ငန်းလည်း ပါသေးတယ်။ အမျိုးသမီးတွေကတော့ ပိုးထည်၊ ချည်ထည်တွေ၊ ကွန်ပျူတာ ပန်းထိုးတွေကို စိတ်ဝင်စားကြတယ်။ အမယ်ပညာရေး သင်ထောက်ကူပစ္စည်းဆိုင် ရှေ့မှာတော့ ကျောင်းပိတ်ရက်မို့ ကလေးတွေရော၊ ကလေးမိဘတွေရော ဝိုင်းနေကြတယ်။ ချင်း၊ ကချင်၊ ရှမ်းရိုးရာ အထည်ဆိုင်တွေလည်း အရောက်လာကြတာ စရိတ်မှ ကျေကြရဲ့လားမသိ။ ပယင်း ဆိုင်တချို့က ၁၂ ပွဲဈေးသည်လို ကျောက်မျက်ပွဲက ကူးလာတာတဲ့။ ပယင်းက ခေါင်းအုံးသာမဟုတ်၊ လိုက်ကာတွေ၊ ဆေးဝါးတွေ၊ မွေ့ရာတွေ၊ အလှကုန်ပစ္စည်းတွေဖြစ်ကုန်ပြီ။ ပယင်းနဲ့လုပ်ထားတဲ့ အင်္ကျီတောင် တွေ့ခဲ့ရသေး။ အချို့ဆိုင်တွေက အပေါ်ထပ်မှာ လူအရောက်အပေါက်နည်းလို့ အရောင်းမသွက်ဘူးတဲ့။ ထန်းလျက်မှုန့်က ဆုတစ်ဆုဝင်ရသွားသေး။
သူများမပြောနဲ့၊ နှစ်ပတ်၊ သုံးပတ်ပတ်နေတဲ့ ကိုယ်တောင် ပြခန်းတွေမစုံ။ မမှတ်မိတာတွေလည်းရှိ။ တစ်ပတ်ပတ်လိုက်ရင် ဝိုင်းပြီးလက်ဆောင်တွေပေးကြတာ မသယ်နိုင်လို့ နီးရာဆိုင်မှာ ထားပစ်ခဲ့ပြီး ပြီးမှပြန်သိမ်းရတယ်။ ဗိုက်ထဲမှာလည်း လက်ဖက်ရည်၊ ကော်ဖီ၊ ဖျော်ရည်အစုံဝင်နေတာ ဘာမျှမဖြစ်လို့တော်သေး။ ထူးထူးခြားခြား မိတ်ဟောင်းဆွေဟောင်းတွေဖြစ်တဲ့ ကာဘော်လစ်တို့၊ ရွှေဝါတို့ကိုလည်း ပြန်တွေ့ခဲ့ရပါတယ်။ သူတို့ခေတ်ရှိသေးထင်ပါရဲ့။
ရန်ကုန်မှာလုပ်ရင် လာရောက်အားပေးမယ့်ပရိသတ်တွေ ပိုများလေမလား။
ပြခန်းတွေထဲမှာ လူငယ်လုပ်ငန်းရှင်တွေ အတော်များများ တွေ့ရတာလည်း ဝမ်းသာမိပါတယ်။ ဒါပေမယ့်သူတို့ခမျာ ပြခန်းတစ်ဖက်နဲ့မို့ ထင်ပါရဲ့။ ဆွေးနွေးပွဲတွေ၊ ဗဟုသုတ မျှဝေပွဲတွေမှာတော့ များများစားစား မတွေ့ရ။ ဆွေးနွေးပွဲတွေနဲ့ ပြိုင်ပွဲတွေ၊ အချိန်တိုက်ဆိုင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသိဉာဏ်ပညာ မူပိုင်ခွင့်တွေ၊ ချေးငွေကိစ္စတွေ၊ စားသောက်ကုန်တွေနဲ့ ပတ်သက်လို့ Food and Drug Agency က လက်မှတ်ထုတ်ပေးတဲ့ အကြောင်းအရာတွေဟာ သိသင့်သိထိုက်တဲ့ ကိစ္စတွေပါ။
စီးပွားကူးသန်း ဒုတိယဝန်ကြီး ပြောသွားသလိုချေးငွေတွေ ပေးချင်ပေမယ့် ချေးငွေတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ ပေးနိုင်တယ်။ အခြေခံစာရင်းကိုင်စနစ်က မရှိ။ လုပ်ငန်းတွေရဲ့ ရှေ့ရေးအစီအစဉ်နဲ့ ချေးငွေချေးငှားမှု မှတ်တမ်းလည်း မရှိတဲ့လုပ်ငန်းတွေကို ဘယ်ဘဏ်ကမှ စွန့်စားပြီး မချေးလို၊ ဆုံးရှုံးနိုင်ချေများတော့ အာမခံမယ့်သူ မရှိ။ အာမခံမရှိတော့ အတိုးနှုန်းတွေကြီး၊ နည်း ပညာရရှိဖို့ကလည်း ဝေး၊ ဒေသဈေးကွက်ကလွဲလို့ ကျန်တဲ့ဈေးကွက်တွေမှာ ယှဉ်ပြိုင်နိုင်စွမ်းအားက နည်းနေကြတာကိုး။
ဘယ်လိုပဲ အခက်အခဲရှိရှိ ကိုယ်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးပြီး ဒီအချိန်၊ ဒီနေရာအထိ ရောက်လာကြတဲ့ လုပ်ငန်းတွေကို အသိအမှတ်ပြုရမှာပါ။ ဆုရတဲ့လုပ်ငန်းတွေကို အသိအမှတ်ပြု တံဆိပ်သုံးစွဲခွင့် ပြုမယ်ဆိုတော့ ချေးငွေလေးပါပေးလိုက်ရင် မကောင်းဘူးလား။ ဝင်ပြီးလျှာရှည်မိတော့မှ ချေးငွေထုတ်ချေးခွင့် လက်မှတ်ပါ တစ်ပါတည်း ပေးလိုက်မယ်ဆိုတဲ့ အစီအစဉ်ကောင်းကို ကြားသိရတယ်။ တကယ်တမ်းလည်း ဆုပေးပွဲမှာ တစ်ပါတည်းပေးလိုက်တာ တွေ့ရတယ်။ ဆုပေးရာမှာ ဆုရတာ၊ မရတာ အဓိကမကျ၊ ယှဉ်ပြိုင်ခြင်းသာ အဓိကကျတယ်လို့ ဆိုရပေမယ့် ယှဉ်ပြိုင်တာကိုက ဆုရချင်လို့ မဟုတ်လား။ နောင်ဆိုရင် ဆုတွေ ပိုပေးပြီး အမျိုးအစားတွေ ခွဲပေးနိုင်ရင် ပိုကောင်းလေမလားလို့ ဘေးက လေ့လာသူတစ်ယောက်အနေနဲ့ စေတနာဖြစ်မိပေမယ့် လက်တွေ့လုပ်တဲ့သူတွေတော့ ဘာတွေအခက်အခဲ ရှိကြမယ်မသိ။ ချေးလည်း ချေးချင်ပါရဲ့၊ ယူလည်း ယူချင်ပါရဲ့ဆိုပေမယ့် ၁၀ ရာခိုင်နှုန်း လောက်ပဲ အလုပ်ဖြစ်နေတာဆိုတော့ နှစ်ဖက်စလုံးက အလျှော့အတင်းလုပ်ကြရင် ဒီထက် အလုပ်ဖြစ်နိုင်ကောင်းပါရဲ့။ ဂျပန်ကပေးတဲ့ ချေးငွေက အများဆုံး ငါးနှစ်အထိ သန်း ၅၀ဝ အထိချေးနိုင်တာ ဆိုတော့အလုပ်ဖြစ်နိုင်တယ်။ လုပ်ငန်းရှင်တွေက နှစ်တိုပဲ ချေးချင်ကြတာကို တာဝန်ရှိသူတွေက လုပ်ငန်း အကောင်အထည်ဖော်ဖို့နဲ့ ပြန်ဆပ်ဖို့အတွက် အချိန်ရအောင် နှစ်ရှည်ချေးကြဖို့ အကြံပြုကြတာကိုလည်း ကြားခဲ့ရပါတယ် စက်ဝယ်တာ၊ စက်ရုံတည်ဆောက်တာ၊ စက်ရုံအဆင့်မြှင့်တာ စတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်တွေအတွက် ဦးစားပေးချေးပေမယ့် လည်ပတ်စရိတ် အခက်အခဲရှိနေတဲ့ လုပ်ငန်းတွေကလည်း ရှိနေပြန်သေးတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ဂျပန်ချေးငွေက အိမ်ခြံမြေ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ အရက်ဆိုင်နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ လက်နက်တွေနဲ့ပတ်သက်လို့ မချေးသလို လယ်သမားတွေကိုလည်း မချေးပါဘူး။ (စိုက်ပျိုးရေးဘဏ်ကတစ်ဆင့် ချေးတာ ရှိနေလို့ မချေး ပေမယ့် လယ်ယာလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ ဆန်စက်၊ ဆီစက်၊ အစားအစာလုပ်ငန်းတွေအတွက် ချေးပါတယ်)
မြန်မာ့စီးပွားရေးဘဏ်က အပေါင်နဲ့ချေးထားတဲ့လုပ်ငန်း ၉၀ လောက်၊ အပေါင်မပါ CGI အာမခံစနစ်နဲ့ချေးတာက ၁၈၅ ခု စုစုပေါင်း ၂၇၅ ခု သန်းပေါင်း တစ်သောင်းခွဲနီးပါး ထုတ်ချေးထားတာကို တွေ့ရတယ်။ ချေးငွေက တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်နဲ့ပြည်နယ်တွေ အများဆုံးရကြတယ်။ သက်တမ်း သုံးနှစ်ကနေ ငါးနှစ်အထိ အပေါင်ပစ္စည်းပါရင် ကိုးရာခိုင်နှုန်း အတိုးနှုန်းနဲ့ သန်း ၃၀ဝ အထိ ထုတ်ချေးတာ တွေ့ရတယ်။ ကုန်ထုတ်လုပ်ငန်း၊ ထုတ်လုပ်ရောင်းဝယ်လုပ်ငန်း၊ ပြည်ပပို့ကုန်လုပ်ငန်း၊ သွင်းကုန်အစားထိုးလုပ်ငန်း၊ လောင်စာ ချွေတာ၊ ပြန်လည်သုံးစွဲ(Recycle) လုပ်ငန်းတွေ၊ နည်းပညာအခြေခံ ထုတ်လုပ်ဝန်ဆောင်မှု လုပ်ငန်းတွေကိုဦးစားပေး ထုတ်ချေးတာတွေ့ရတယ်။ CGI အာမခံစနစ်နဲ့ချေးတာကတော့ အများဆုံး သိန်း ၂၀ဝ အထိ၊ လောလော ဆယ်မှာထုတ်ချေးတာ တွေ့ရတယ်။ ဒီစနစ်က အာမခံပစ္စည်း လုံလုံလောက်လောက် မပေးနိုင်သူတွေနဲ့ လုံးဝ မပေးနိုင်သူတွေကို မြန်မာ့အာမခံလုပ်ငန်းက ငွေကြေး ပမာဏတစ်ခုအတွက် ထောက်ခံပြီး ချေးငွေအာမခံလက်မှတ်ထုတ်ပေး၊ ချေးပေးတဲ့ စနစ်ဖြစ်ပါတယ်။
အစားအသောက်နဲ့ ဆေးဝါးဌာနက အစားအစာနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်ကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ အစားအသောက်ဆိုတာက စားသုံးသူရဲ့ပါးစပ်ထဲ တိုက်ရိုက်ဝင်တဲ့ကိစ္စဖြစ်လေတော့ အလုပ်လုပ်တဲ့နေရာနဲ့ လူနေတာ သီးခြားစီဖြစ်ဖို့၊ အလုပ်လုပ်တဲ့သူတွေရဲ့ကျန်းမာရေးကို စစ်ဆေးထားဖို့၊ အလုပ်လုပ်တဲ့အချိန် သီးခြားဝတ်စုံဝတ်ဖို့နဲ့ အဝတ်လဲခန်းရှိဖို့တွေပြောပြတယ်။
စိတ်ဝင်စားစရာက မြေအောက်ရေ (အဝီစိတွင်း) တူးဖို့အခက်အခဲရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ တင်ပြချက်ပါ။ စမ်းချောင်းရေတွေ၊ ရေတွင်းရေတွေထက် အဝီစိရေက ပိုမိုသန့်ရှင်းတယ်ဆိုတဲ့ ဗဟုသုတတစ်ခုပါ ရလိုက်ပါတယ်။ မြန်မာနိုင်ငံမှာက အစားအသောက်လုပ်ငန်းတွေ များလေတော့ ပြည်တွင်းပဲစားစား၊ ပြည်ပပဲပို့ပို့ ကျန်းမာရေးနဲ့ ညီညွတ်သန့်ရှင်းတဲ့ အစားအသောက်တွေ ဖြစ်ဖို့လိုပါတယ်။ တစ်နေ့တစ်နေ့ ဆေးဝါးတွေအချို့က ဆေး မဖြစ်ဘဲ ဘေးဖြစ်တာ၊ အစားအစာက ကျန်းမာရေးအတွက် အထောက်အကူမဖြစ်တာတွေ ခဏခဏ တွေ့နေရတယ်မဟုတ်လား။
ပြပွဲတစ်လျှောက် လေ့လာကြည့်ပြီးတော့အနည်းဆုံးတော့ အခုရောက်နေကြတဲ့လုပ်ငန်းတွေဟာ ငွေကြေးရဖို့၊ နည်းပညာရဖို့၊ ဈေးကွက်ဝင်ဖို့၊ ကိုယ့်အား ကိုယ်ကိုးတဲ့ လုပ်ငန်းတွေဖြစ်တာ တွေ့ရတယ်။ ကိုယ့်အား ကိုယ်ကိုးတဲ့ လုပ်ငန်းတွေကို အခြားလုပ်ငန်းများ၊ အဖွဲ့အစည်းများကလည်း ကူညီဝိုင်းဝန်းချင်တဲ့ စိတ်စေတနာတွေ ပေါ်ပေါက်လာကြမှာ အမှန်ပါ။ ပေးချင်တဲ့သူနဲ့ ယူချင်တဲ့သူတွေ အချိတ်အဆက်မိအောင် ဒီလိုပြပွဲ၊ ပြိုင်ပွဲတွေက လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းလေးတွေ ဆက်လက်ရှင်သန် တိုးတက်နိုင်ကြပါစေ။ ဈေးကွက်လည်း ပြည်တွင်း၊ ပြည်ပမကျန် ဝင်ကြပါစေ။ ကိုယ့်ထုတ်ကုန်တွေက စားသုံးသူ၊ ထုတ်လုပ်သူတွေကို အကျိုးပြု ဆေးဖက်ဝင်ကြပါစေလို့ပြပွဲကအပြန်မှာ ကျွန်တော်ဆန္ဒပြုခဲ့ပါတယ်။
ကြေးမုံ