မင်းဘူး မေ ၂

 

အောင်သပြေပန်းများသည် ဈေးအနည်းငယ်နည်းသော်လည်း ပိုးမွှားရောဂါဒဏ် ခံနိုင်သည့်အပြင် ဘုရားတင်၊ နတ်ဆက်၊ အလှူ၊ မင်္ဂလာ အစရှိသဖြင့် လူသုံးများသောကြောင့် သပြေပန်းစိုက်သူများ အားထားစိုက်ပျိုးလာကြသည်။

 

အောင်သပြေပင် အောက်လက်များမှ သပြေပန်း ၁၀၀ စည်း တစ်စည်းလျှင် ၁၀၀၀ ကျပ်၊ ခေါင်ညွှန့် ၁၀၀ စည်း တစ်စည်းလျှင် ၁၅၀၀ ကျပ်ဈေးဖြင့် ရောင်းချရပြီး ထိုင်းသပြေ၊ ပတ္တမြားသပြေ၊ အောင်သပြေ ဟူ၍ သုံးမျိုးရှိကာ ထိုင်းသပြေနှင့် ပတ္တမြားသပြေတို့သည် ဈေးကောင်းသော်လည်း လူသုံးနည်းကာ ပိုမွှားရောဂါကျရောက်မှုလည်း ပိုများသောကြောင့် ရောဂါဒဏ်ခံနိုင်သည့် အောင်သပြေကို ရွေးချယ်စိုက်ပျိုးလာကြကြောင်း သိရသည်။

 

“ကျွန်တော်ကတော့ ဒီသပြေပန်းစိုက်တာ ၆ နှစ်ရှိပါပြီ။ စစိုက်ပြီး ၂ နှစ်ခွဲ သုံးနှစ်ဆိုလျှင် စတင်ရောင်းချလို့ရပါတယ်။ ဆောင်းတွင်းဘက်မှာ ရောင်းချလို့ ပိုကောင်းပြီး နွေရာသီမှာတော့ အပူဒဏ်လည်းခံရသလို ဈေးလည်း အနည်းငယ်အေးပါတယ်။ အပင်ပေါင်း ၃၀၀၀ ကျော် စိုက်ပျိုးကာ တစ်နေ့လျှင် ၈၀၀၀၊ ၁၀၀၀၀ နေ့စဉ်ပုံမှန် ရနေသလို အမြဲမပြတ် ခူးနေသော်လည်း အစိုဓာတ်ရှိပါက အတက်များ အမြဲထွက်နေပြီး လူသုံးများကာ အိမ်စရိတ်အတွက် ပူစရာမလိုသော အောင်သပြေကို ကျွန်တော်တို့ စကုမြို့မှာ တိုးချဲ့စိုက်ပျိုး လာကြပါတယ်” ဟု စကုမြို့မှ သပြေပန်း စိုက်ပျိုးရောင်းချသူ ကိုအောင်ကျော်ထွန်းက ပြောသည်။

 

ဇေယျာထက်(မင်းဘူး)