ဈေးနှုန်းအတည်တကျမရှိဘဲ ရော်ဘာဈေးများ ဆက်တိုက်ကျဆင်းလာမူကြောင့် အစေးခြစ်ရာသီမကုန်ခင် ခြံရှင်တချို့ ခြံပိတ်သိမ်း

သုဝဏ္ဏဝတီမြို့ ၂  ဧပြီ

 

မွန်ပြည်နယ်အတွင်း အဓိကထုတ်ကုန်ဖြစ်သော ရော်ဘာလုပ်ငန်းသည် ယခင်နှစ်ကထက် ဈေးနှုန်း လျော့နည်းလာခြင်း အလုပ်သမားများရှားပါးလာခြင်း၊ စီးပွားရေးအရ တွက်ခြေမကိုက်ခြင်း တို့ကြောင့် ယခုနှစ် အစေးခြစ်ရာသီ မကုန်ခင် တစ်နိုင်တစ်ပိုင် ရော်ဘာစိုက်ပျိုးသူတချို့သည် ရော်ဘာအစေးခြစ်ခြင်းကို ရပ်နားထားကြကြောင်း သိရသည်။

 

 

“ရော်ဘာဈေးက တတ်မလာတဲ့အပြင် မနှစ်ကဈေးထက်တောင် ပိုကျလာတယ်။ စိုက်ထားတဲ့ အပင်တွေက မျိုးမသန့်တော့ အစေးထွက်နှုန်းကလည်းမကောင်း၊ ခုအချိန်ကလည်း အစေးအထွက်နည်းတဲ့ အချိန်ဆိုတော့ ရော်ဘာပြား အထွက်နည်းတဲ့အပြင် အလုပ်သမားခနဲ့တွက်ရင် ကိုယ့်အတွက် မကျန်တော့ ခြံပိတ်လိုက်ပြီ။ လေးကွက်စာကို နှစ်ယောက်ခြစ်တယ်။ လေးယောက်စာ လခပေးရတယ်။ မျိုးမမှန်လို့ အစေးထွက်နည်းတဲ့ အပြင် အစေးလျှော့တဲ့ အချိန်ဆိုတော့ တစ်နေ့ကို ရော်ဘာပြား ၁၂ ပြားရတယ်။ ခန့်မှန်းတွက်ရင် အခုဈေးအတိုင်းဆို အလုပ်သမားခက ၁၀ ပြား၊ ကိုယ့်အတွက်က ၂ ပြားဘဲ ကျန်တယ်ဆိုတော့ အပင်နာတာပဲ အဖတ်တင်လို့ ခြံပိတ်လိုက်တာပါ” ဟု သထုံမြို့နယ် ဝင်းပကျေးရွာမှ ရော်ဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်နန်းမြင့်အေးက ပြောသည်။

 

 

 

“ရော်ဘာပြားဈေးနှုန်းက ဇန်နဝါရီလလောက်က တစ်ပေါင် ကျပ် ၈၀ဝ ရကတည်းက ဈေးထပ် တက်လာမလားဆိုပြီး လှောင်ထားတာ ခုတော့ ဈေးကျတော့ ဘာလုပ်ရမလဲ မသိဘူး ရော်ဘာပြားတွေလဲ မှိုတက်ကုန်ပြီ မနှစ်ကတော့ တစ်ပေါင်ကို ၁၃၀ဝ ကျပ်အထိ ရခဲ့ဖူးတယ်” ဟု ဒညင်းကုန်းကျေးရွာမှ ရော်ဘာခြံရှင်တစ်ဦးက ဆိုသည်။

 

 

ဈေးနှုန်းကျရခြင်း အကြောင်းကတော့ မပြောတတ်ဖူးဗျ ဒီမှာ ဝယ်တဲ့ဈေးက မုဒုံရော်ဘာပေါက်ဈေးကို အွန်လိုင်းက ကြည့်ပြီး ၂၀/၃၀ကျပ် ခွာပြီး ဝယ်တယ်။ ရော်ဘာပြား အရည်အသွေး/ အစို/အခြောက်ကို ကြည့်ပြီး ဈေးပေးဝယ်တယ်။ ဈေးက နေ့တိုင်း ပြောင်းတော့ တိတိကျကျမပြောနိုင်ဘူး။ (ဥပမာ) မှိုင်းကျ မုဒုံဈေး တစ်ပေါင် ၇၁၀ ကျပ်ဆိုရင် ဒီမှာ မှိုင်းကျတစ်ပေါင် ၆၉၀ ကျပ်၊ နေလွတ်တစ်ပေါင် ၆၇၅ ကျပ်၊ နေလှမ်းတစ်ပေါင် ၆၁၅ ကျပ်၊ အဆုပ်တုံး/ဓါးစာ တစ်ပေါင် ၂၅၀ /၂၆၀ ကျပ် ပေးဝယ်ပါတယ်။ ရာသီအစမှာ တစ်နေ့ကို ပေါင်တစ်သောင်းလောက် ဝယ်ရပြီး အခုအချိန်ုမှာ ပေါင် ၄၀ဝ၀ လောက် ဝယ်နေရသေးပါတယ်” ဟု သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်မှ ရွှေလက်ဆောင် ရော်ဘာရောင်းဝယ်ရေး တတိယလက်ခွဲ ဒိုင်ဖြစ်သူ ဦးထင်လင်းစိုး  က ပြောသည်။

 

 

မွန်ပြည်နယ်တွင် အဓိကအားထားစိုက်ပျိုးနေသည့် ရော်ဘာသည် ပြည်နယ်အစိုးရက ရော်ဘာကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာအောင် နည်းလမ်းများ ဆောင်ရွက်ပေးနေသော်လည်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မူသည် လွန်ခဲ့သော ၆ နှစ်ခန့်အချိန်ကသာ အောင်မြင်ခဲ့ပြီး နောက်ပိုင်း ရော်ဘာဈေးကွက်/ အရည်အသွေး/ ဈေးကွက်/ ဈေးနှုန်း မတည်ငြိမ်မူများကြောင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မူသည် အခက်အခဲများ၊ အဆင်မပြေမူများ ရှိလာသောကြောင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ ပြည်သူများ စိတ်ဝင်စားမူ နည်းပါးလာနေကြောင်း သိရသည့်အပြင် ရော်ဘာဈေးနှုန်းအား တိကျစွာ သတ်မှတ်ပေးရန် လိုအပ်နေကြောင်း သိရသည်။

 

ခွန်(ဝင်းပ)