နေပြည်တော် ၂၃ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ ဈေးသမဝါယမအသင်း လီမိတက်သည် ဈေးသူဈေးသား သမဝါယမအသင်းသား ၇၇၀ ဖြင့် ဖွဲ့စည်းထားရှိကာ မတည်ရင်းနှီးငွေ ၁၆ ဒသမ ၄၈ သန်းဖြင့် သမဝါယမကဏ္ဍတွင် အောင်မြင်နေသော သမဝါယမအသင်း တစ်သင်းဖြစ်ပြီး အသင်း၏အကျိုး၊ အသင်းသားများ၏အကျိုးကို ဆောင်ရွက်လျက်ရှိသည်။

 

အသင်းသားများ၏ စုဆောင်းငွေသည် ငွေကျပ် ၁၇၁၅ သန်းရှိပြီး အသင်းသားများသည် အသင်းတွင် စုဆောင်းထားရှိသော စုဆောင်းငွေပေါ်တွင် တစ်လလျှင် ငွေကျပ် ၁၀၀ အပေါ် အတိုးနှုန်း ၁ ကျပ်နှုန်းဖြင့် အကျိုးခံစားခွင့်ရရှိပြီး အသင်းသားများသည် အသင်းတွင် ငွေကျပ်သိန်း ၁၀၀ အထိ စုဆောင်းနိုင်ကာ ယင်းစုဆောင်းငွေ၏ ၅ ဆကို အသင်းမှ အတိုးနှုန်းငွေကျပ် ၁၀၀ လျှင် ၁ ကျပ် ၅၀ ပြားနှုန်းဖြင့် ပြန်လည်ထုတ်ချေးနိုင်ကြောင်း သိရသည်။ အသင်း၏ ချေးငွေကာလ အမျိုးအစားများသည် ရက် ၃၀ ဆပ်ချေးငွေ၊ ရက် ၆၀ ဆပ်ချေးငွေနှင့် တစ်နှစ်ဆပ်ချေးငွေတို့ဖြစ်ပြီး ယနေ့ကာလအထိ အသင်းသားများထံသို့ ငွေကျပ် ၃၇၄၈ ဒသမ ၅၈ သန်း ထုတ်ချေးပေးနိုင်ခဲ့သည်။

 

“ပျံကျဈေးသည်တစ်ဦးကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ ဈေးဆိုင်ခန်းပိုင်ရှင်တွေကို ကျပ်သိန်း ၂၀ ကနေ ကျပ်သိန်း ၃၀၀ အထိ အတိုးနှုန်းသက်သက်သာသာနဲ့ ချေးငွေထုတ်ပေးပါတယ်။ ကိုဗစ်-၁၉ ကာလ နှစ်လမှာတော့ အတိုးနှုန်းတွေကို ဆိုင်းငံ့ပေးထားပါတယ်” ဟု ဈေးသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးထွန်းမြင့်က ပြောသည်။

 

ပြင်ဦးလွင်မြို့ မြို့မဈေးကြီးဈေး သမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ သာရေး/နာရေးများ ပေါ်ပေါက်လာပါကလည်း ထောက်ပံ့ငွေများပေးအပ်ခြင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင် သောအသင်းသားများ၏ သားသမီးများကိုလည်း နှစ်စဉ်ပညာရေးချီးမြှင့်ငွေများ ပေးအပ်သည့်အပြင် ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အသင်းသားများအားလုံးအတွက် ယခုအချိန်အထိ ကျပ်သိန်းပေါင်း ၁၅၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်