ဈေးဝယ်ထွက်လာသူ ကျောင်းသူနှစ်ဦး ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး

မိုးညို    ၂၉  ဇန်နဝါရီ 

ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သာယာကုန်းအုပ်စု၊ မိုးညို-မင်းလှသွား ကားလမ်းမပေါ်တွင် စက်ဘီးဖြင့် ဈေးဝယ်သွားသူ ကျောင်းသူနှစ်ဦးအား ဖောကားတစ်စီးမှ ဝင်တိုက်မိခဲ့သဖြင့် တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ မိုးသစ္စာကျေးရွာ၊ ဘုရားငူအုပ်စုနေသူ မစုစုဝင်း(၁၄)နှစ်၊ ဆဌမတန်းကျောင်းသူနှင့် တစ်ရွာတည်းနေ မသန်းသန်းဌေး (၁၄) နှစ်၊ ဆဌမတန်းကျောင်းသူ နှစ်ဦးတို့သည် စက်ဘီးတစ်စီးစီဖြင့် ငါးစပါးကန်အနီးရှိ ဈေးဆိုင်သို့ ဈေးဝယ်ရန်ထွက်လာကြစဉ် မိုးညိုမြို့မှ မင်းလှမြို့ဘက်သို့ ကျောက်စရစ်ခဲများတင်ဆောင် မောင်းနှင်လာသော SINO TRUK အနီရောင်ဖောကားမှာ ကားချင်းရှောင်တိမ်းရာမှ  မစုစုဝင်းနှင့် မသန်းသန်းဌေးတို့ စီးနင်းလာသော စက်ဘီးအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

မစုစုဝင်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ  အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မသန်းသန်းဌေးတွင် (အတွင်းလူနာ၊ မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူ ယာဉ်မောင်းအား မိုးညိုမြို့မရဲစခန်းမှ အမှုဖွင့်ထားရှိကာ အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(မိုးညို)