ရန်ကုန်  ၇  အောက်တိုဘာ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)တွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအထောက်အပံ့ (ODA Grant Aid) အစီအစဉ်ဖြင့် ရုပ်သံလွှင့် စက်ပစ္စည်းကိရိယာများ တိုးချဲ့တပ်ဆင်လွှဲပြောင်းပေးအပ်ခြင်းနှင့် စတင်အသုံးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို (၁) ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊   ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊  ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်သံရုံးနှင့် JICA ၏ ODA အထောက်အပံ့ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် NHK Technologies Inc, Sumitomo Corporation, Toda Corporation, NEC Corporation နှင့် Panasonic Corporation တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ရုပ်/သံထုတ်လွှင့်မှု ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် အရေးကြီးသည့် ကဏ္ဍများတွင် နှစ်ကာလ ရှည်ကြာစွာ အပြန်အလှန် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိခဲ့ကြသည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း။

 

အဆိုပါ ကူညီထောက်ပံ့မှုများတွင် ရုပ်/သံလွှင့်စက်များ၊ ရုပ်/သံထုတ်လွှင့်သည့် စက်ပစ္စည်း ကိရိယာများသာမက စတူဒီယိုပစ္စည်းများလည်း ပါဝင်ပြီး  ဂျပန်နိုင်ငံသည် မိမိတို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ပထမဆုံးသောမိတ်ဖက် နိုင်ငံဖြစ်သည်ဟု မိမိအနေဖြင့် ပြောနိုင်ပါကြောင်း။

 

JICA နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် စီမံကိန်းများနှင့် စပ်လျဉ်းပြီး ပထမအကြိမ်အဖြစ် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ရုပ်မြင်သံကြား ထုတ်လွှင့်မှုလုပ်ငန်းများစတင်နိုင်ရေးအတွက် ODA အထောက်အပံ့ကို  ရယူဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ဆေးရောင်စုံ ရုပ်မြင်သံကြားအစီအစဉ် ထုတ်လွှင့်မှုများအား ဂျပန်နိုင်ငံ Japanese Sasakawa Foundation နှင့် JICA ၏ ODA အထောက်အပံ့များဖြင့် စတင်ထုတ်လွှင့်နိုင်ခဲ့ပါကြောင်း။

 

ဒုတိယအကြိမ်အဖြစ်  ၂၀၁၃ ခုနှစ် ဂျပန်နိုင်ငံယဉ်ကျေးမှုဆိုင်ရာ ရန်ပုံငွေ အထောက်အပံ့ဖြင့် NHK မှ ရုပ်သံလွှင့်အစီအစဉ်  ၃၈၃ ခုအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရယူထုတ်လွှင့်ပြသနိုင်ခဲ့ပါကြောင်း၊ တတိယအကြိမ်အဖြစ် ဂျပန် နိုင်ငံအစိုးရ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အကူအညီဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံအစီအစဉ် အရည်အသွေးများတိုးတက် မြင့်မားရေး၊ ဝန်ထမ်းများအား လိုအပ်သည့် လေ့ကျင့်သင်တန်းပေးရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးသည့် Technical Cooperation Project ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ယခု စတုတ္ထမြောက်စီမံကိန်းဖြစ်သည့် MRTV ၏ studio ပစ္စည်းများအား အဆင့်မြှင့်တင်ပေးခြင်း စီမံကိန်းကို ဆောင်ရွက်ခဲ့ရာ ယနေ့ဆိုလျှင် တိုးချဲ့တပ်ဆင်ထားသည့် ရုပ်သံထုတ်လွှင့်မှု စက်ပစ္စည်းကိရိယာများ စတင်အသုံးပြုနေပြီဖြစ်ပါကြောင်း။

 

mdn

 

ယခုကဲ့သို့ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထောက်ပံ့ပေးမှုများအတွက် ဂျပန်အစိုးရနှင့် ပြည်သူပြည်သားများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ရန်ကုန်နှင့် နေပြည်တော်ရုံးချုပ်တို့တွင် စက်ပစ္စည်းကိရိယာများ တပ်ဆင်ပံ့ပိုးထောက်ပံ့ပေးသည့်အတွက် အစီအစဉ် ရိုက်ကူးထုတ်လွှင့်မှု လုပ်ငန်းစဉ် တစ်ခုလုံး ပိုမိုလွယ်ကူ ချောမွေ့လာသည့်အပြင် အရုပ်/အသံ အရည်အသွေး အကောင်းဆုံး ဖြစ်အောင် ထုတ်လွှင့်နိုင်ပြီး မတူကွဲပြားသည့် အစီအစဉ်ပေါင်းမျိုးစုံကို စိတ်တိုင်းကျ ဖန်တီးနိုင်မည့် အခွင့်အရေးလည်း ရှိလာပြီဖြစ်သည့်အတွက် MRTV  အတွက်သာမက ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းကြီး တစ်ခုလုံးတွင် ယခုစီမံကိန်းသည် အလွန်အရေးကြီးသော စီမံကိန်း ဖြစ်သည်ဟု ပြောနိုင်ပါကြောင်း။

 

ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများကို အထောက်အကူပေးနိုင်မည့် အခြားသော စီမံကိန်းများစွာကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်လည်း မိမိအနေဖြင့် ဆန္ဒပြုပါကြောင်း၊ JICA နှင့် MRTV တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ အဓွန့်ရှည်ပါစေကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂျပန်သံရုံးမှ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး အကူအညီဆိုင်ရာ ဌာနအကြီးအကဲ သံမှူးကြီးMr Kazuyuki TAKIMI  နှင့် JICA  မှ Chief Representative ဖြစ်သူ  Mr. Masayuki KARASAWA တို့အား အမှတ်တရ လက်ဆောင်ပေးအပ်သည်။ ယင်းနောက် ဂျပန်သံရုံးမှ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအကူအညီဆိုင်ရာ ဌာနအကြီးအကဲ သံမှူးကြီးMr Kazuyuki TAKIMI နှင့်  JICA  မှ Chief Representative ဖြစ်သူ  Mr. Masayuki KARASAWA တို့က မြန်မာနိုင်ငံ ပြည်သူလူထုအကျိုးပြုသည့် အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက် စကားပြောကြားကြသည်။

 

ဆက်လက်၍ ရုပ်သံလွှင့်စက်ပစ္စည်းများ တိုးချဲ့ထုတ်လွှင့်မှုနှင့် စပ်လျဉ်းသည့် ရုပ်သံမှတ်တမ်းအား ပြသပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က JICA ၏ ODA အထောက်အပံ့စီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် NHK Technologies Inc, Sumitomo Corporation, Toda Corporation, NEC Corporation နှင့် Panasonic Corporation တို့မှ တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

 

ထို့နောက် စီမံကိန်းတွင် ပါဝင်သည့် Virtual စနစ်ဆိုင်ရာ စတူဒီယို စက်ပစ္စည်း များအသုံးပြု၍ ရုပ်သံရိုက်ကူးမှုအား သရုပ်ပြတင်ဆက်ခဲ့ပြီး ရုပ်သံလွှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးမြောက်မှုဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို ဂျပန်သံရုံးမှ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအကူအညီဆိုင်ရာဌာနအကြီးအကဲသံမှူးကြီး Mr Kazuyuki TAKIMI နှင့် JICA  မှ Chief Representative ဖြစ်သူ  Mr. Masayuki KARASAWA တို့ကလွှဲပြောင်းပေးအပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က လက်ခံရယူသည်။

 

ဆက်လက်ပြီး  DSNG ယာဉ်များ အပါအဝင် တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်သံလွှင့် စက်ပစ္စည်းများကို အသုံးပြု၍ ရုပ်သံအစီအစဉ် သရုပ်ပြရိုက်ကူးတင်ဆက်မှုများအား ရန်ကုန်စတူဒီယို၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်-တပ်ကုန်း) ရုံးချုပ်နှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်တို့မှ တိုက်ရိုက် ရိုက်ကူးမှုများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

mdn

 

ယခု တိုးချဲ့တပ်ဆင်ထားသော NHK ခေတ်မီစက်ပစ္စည်းကိရိယာများသည် ဂျပန်နိုင်ငံ ရုပ်သံဌာနတွင် လက်ရှိအသုံးပြုနေသော NHK Studio ၏ စနစ်နှင့် စက်ပစ္စည်းကိရိယာများ၏ အရည်အသွေး ဒီဇိုင်းစံ ပုံစံများ အားလုံးဆင်တူဖြစ်စေရန် ဂျပန်အစိုးရက ပံ့ပိုးပေးထားပြီး MRTV ရန်ကုန်ရှိ စတူဒီယို (၁) အပါအဝင် ကွန်ပျူတာ ဂရပ်ဖစ်စနစ်၊ ရန်ုကုန်ရုံးနှင့် တပ်ကုန်းရုံးချုပ် အကြား အပြန်အလှန်ပေးပို့သည့် Content Transmission စနစ်၊ DSNG Van (၃) စီး၊ စတူဒီယိုအတွင်း အဆင့်မြှင့်တင်မှုများနှင့် ဘေးအန္တရာယ် လုံခြုံကာကွယ်ရေးစနစ်များအတွက် ဆောင်ရွက်ထားရှိသည့် ကမ္ဘာ့အဆင့်မီ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် ပစ္စည်းများ ပါဝင်ပြီး အဆိုပါစက်ပစ္စည်းများ၏ တန်ဖိုးမှာ ဂျပန်ယန်း  ၂၂၆၃ သန်း တန်ဖိုးရှိကြောင်း သိရသည်။

 

ယခုကဲ့သို့ ခေတ်မီရုပ်သံလွှင့်စက်ပစ္စည်းကိရိယာများ တပ်ဆင်ပေးခဲ့သည့်အတွက် အစီအစဉ် ရိုက်ကူးထုတ်လွှင့်ရေးလုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့လာမည့် အပြင် အရုပ်အသံထုတ်လွှင့်မှု အရည်အသွေး အကောင်းဆုံးဖြစ်အောင် ထုတ်လွှင့်နိုင်မည်ဖြစ်သည်။ ထို့ပြင် မတူကွဲပြားသည့် အစီအစဉ် မျိုးစုံကို စိတ်တိုင်းကျ ဖန်တီးနိုင်မည့် အခွင့်အရေးရရှိလာပြီး ယခုစီမံကိန်း အကောင်အထည်ဖော်မှုကြောင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ထုတ်လွှင့်မှုတွင် တစ်ပတ်လျှင် အစီအစဉ်ပေါင်း ၁၁၀ ခန့်နှင့် ထုတ်လွှင့်ချိန်ပေါင်း တစ်ပတ်လျှင် နာရီပေါင်း ၁၁၀ ခန့် တိုးချဲ့ ထုတ်လွှင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်