JICA မှ လယ်ယာသုံးစက်မျိုးစုံ စီးရေ ၇၀ အတွက် ငွေကျပ် သန်း နှစ်ထောင်ကျော် ထုတ်ချေး

mdn

မန္တလေး ၈ မတ်

 

ယနေ့ ထုတ်ချေးသောငွေသည် တောင်သူများအတွက်လည်း အကျိုးရှိ၊ စက်ကိရိယာထုတ်လုပ်သူများ အတွက်လည်း အကျိုးရှိသော Win Win Policy ဖြစ်သဖြင့် ထိုသို့ဆောင်ရွက်မှုမျိုး များစွာဖြစ်ထွန်းလာရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် JICA ချေးငွေဖြင့် လယ်ယာသုံး ပစ္စည်းများအား တောင်သူလယ်သမားများသို့ လွှဲပြောင်းပေးအပ်ပွဲတွင် ပြောသည်။

 

အဆိုပါ အခမ်းအနားသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ(JICA)၏ အထောက်အပံ့ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ Two Step Loan ဖြင့် ဝယ်ယူသည့် မြို့နယ် ၁၄ မြို့နယ်မှ တောင်သူ ၇၀ ထံ လယ်ယာသုံးစက်မျိုးစုံ စီးရေ ၇၀ အတွက် ငွေကျပ်  ၂၃၁၃ ဒသမ ၉၀ သန်းအား ထုတ်ချေးခြင်းဖြစ်သည်။

 

“JICA က ထုတ်ချေးတဲ့ Two Step Loan က တောင်သူတွေ လက်မှုလယ်ယာကနေ စက်မှုလယ်ယာအသွင် ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံကောင်းဖြစ်တဲ့အတွက် တောင်သူတွေအတွက် ဝမ်းသာစရာပါ။ ဒါကို အကျိုးရှိရှိ သုံးတတ်ဖို့ လိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဈေးကွက်ယှဉ်နိုင်ဖို့အတွက် စက်ကိရိယာကောင်းကောင်း လိုအပ်ပါတယ်။ အဲဒါကို JICA က ပေးနိုင်တာ ဝမ်းသာစရာ ကောင်းပါတယ်။ ချေးငွေကို တောင်သူတွေတိုင်းဆီ အပြည့်အဝရောက်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးရပါမယ်။ ချေးငွေက တောင်သူတွေအတွက်လည်း အကျိုးရှိပါတယ်။ စက်ကိရိယာထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိပါတယ်။  Win Win Policy ပါ။ ဒါမျိုး အင်နဲ့အားနဲ့ များများဖြစ်အောင်လုပ် ပေးရပါမယ်”ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က ပြောသည်။

 

ယခုနေ့ ချေးငွေထုတ်ချေးခြင်းသည် မန္တလေးတိုင်းတွင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် JICA ချေးငွေဖြင့် ကျပ်သန်းပေါင်း ၉၀ဝ၀ ကျော်ကို တောင်သူလယ်သမားများထံ ထုတ်ချေးပြီးဖြစ်ကြောင်း၊ Two step Loan သည် တစ်နှစ်အတိုးနှုန်း ၈ ရာခိုင်နှုန်း ဖြစ်ပြီး ပြန်ဆပ်ရာတွင် တစ်နှစ်တစ်ကြိမ်ပေးဆပ်ရခြင်း မဟုတ်ဘဲ ချေးငွေပမာဏ နည်းလျှင် ၃ နှစ် များလျှင် ၅ နှစ်အထိ ထုတ်ချေးပေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

အဆိုပါ အခမ်းအနားသို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော ဒေါက်တာစိုးသန်း၊ ဦးမြတ်သူနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

 

တင်မောင်(မန်းကိုယ်ပွား)