ဇီးကုန်း၊ ၁၈ ဇွန်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်း ရောင်းချကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားခြင်း ရှိ/မရှိကို ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မြင့်နှင့်ဝန်ထမ်းများ၊ မြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဈေးကော်မတီဝင်များသည် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ ပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားခြင်း ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရခြင်းမှာ စားသုံးသူများ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာသုံစွဲနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးရာတွင် ကုန်ပစ္စည်းများ၌ ထုတ်လုပ်သည့်ရက်စွဲ၊ ပါဝင်ပစ္စည်း၊ သုံးစွဲရန်အညွှန်း၊ ထားသိုသိမ်းဆည်းမှု၊ ဘေးထွက်ဆိုးကျိုးနှင့် သတိပြုရန်အချက်များကို ပြည့်စုံစွာရိုက်နှိပ်ထားခြင်း တို့ကိုစစ်ဆေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံထံမှ သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)