ဇီးကုန်း မေ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီနှင့် ဟင်္သာ ရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်း ကျောင်းသင်တန်းပညာ(၅)မျိုးကို ဆွေးနွေးပို့ချခြင်း၊ လက်တွေ့သရုပ်ပို့ချခြင်း သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကူဖြူကျေးရွာအုပ်စု၊ ညောင်ပင်ဘိုကျေးရွာ၌ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမား အဖွဲ့အစည်းဥက္ကဌ ဒေါ်သူဇာခိုင်က အသက်မွေးပညာများဖြစ်ကြသည့် သင်တန်း(၅)မျိုးအား ဒေသတွင်း ကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေရရှိစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ 

ထို့နောက် ဒေသခံတောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ဌေးက သဘာဝမြေဩဇာပြုလုပ်နည်း၊ EM ပြုလုပ်နည်းတို့ကို လည်းကောင်း၊ ငါးအမိုင်နိုပြုလုပ်နည်း၊ မှိုစိုက်ပျိုးနည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စုပေါင်းစီမံခန့်ခွဲမှု သင်တန်းတို့ကို ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမား အဖွဲ့အစည်းဥက္ကဌ ဒေါ်သူဇာခိုင်က ဦးဆောင်၍ဆွေးနွေးပို့ချခြင်း၊ လက်တွေ့သရုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)