ဇီးကုန်း ၁၂ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် အနောက်ဖက်ရှိ ကျေးရွာအုပ်စု (၈) ခုအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား ဆန်အပါဝင် အခြေခံစားသောက်ကုန်ပစ္စည်း (၅) မျိုးကို ယနေ့နံနက်က စတင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယနေ့တွင် ဇီးကုန်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၁၁၁) စုကို အိမ်ထောင် စု (၁) စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ ( ၁ ) ပိဿာ၊ ကြက်သွန်(၁)ပိဿာ စသည့် အခြေခံစားသောက်ကုန် (၅) မျိုးကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထူးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် ကြီးကြပ်၍ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။ ကျန်ရှိနေသည့် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုမှ အိမ်ထောင်စု ပေါင်း (၅၉၇၄) စုကို ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
ဇီးကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၂၉) အုပ်စု၊ ကျေးရွာပေါင်း (၁၃၂) ရွာရှိသည်။ တစ်မြို့နယ်လုံးတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၇၀၈၅) စု ရှိပြီး အဆိုပါ အိမ်ထောင်စုဝင်များအတွက် ဆန် ၂၃၆၁ အိတ် နှင့် ၁၆ ပြည်၊ ဆီ (၃၅၄၂.၅) ပိဿာ၊ ဆား (၃၅၄၂.၅) ပိဿာ၊ ကြက်သွန် (၇၀၈၅) ပိဿာ၊ ပဲ (၇၀၈၅) ပိဿာ ကို ဖြန့်ဝေပေးသွားခြင်း ဖြစ်ကြောင်း သိရသည် ။
တင့်ဆွေ(ဇီးကုန်း)


