ဇီးကုန်း ၈ ဩဂုတ် 


ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်းအလုပ်ရုံ ဆွေးနွေးပွဲနှင့် အကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် ညောင်ဇင်ကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကား ပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးက စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးမည့်အစီအစဉ်၊ မီးဖိုအသုံးဝင်ပုံနှင့် အသုံးပြုခြင်းကြောင့် ထင်းသုံးစွဲမှုလျော့ချနိုင်၍ သစ်တောပြုံးတီးမှုကိုကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ရာသီဥတုကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်းနှင့် စွမ်းအားမြှင့်မီးဖိုများ စနစ်တကျ ထုတ်ယူနိုင်ရေးနှင့် အသုံးပြုသူများ လက်ဝယ်အရောက်ဖြန့်ဖြူးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာသူများက စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စိုက်ပျိုးရေးဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးခဲ့ကြသည်။


ဇီးကုန်းမြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု(၂၇)အုပ်စုတွင် စွမ်းအားမြှင့် မီးဖို (၈၇၅၀) လုံးအား မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါမီးဖိုကိုသုံးစွဲခြင်းဖြင့် ထင်းသုံးစွဲမှုလျှောချခြင်းကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။


တင့်ဆွေ (ဇီးကုန်း)