ဇီးကုန်း ၁၂ ဇန်နဝါရီ
ဇီးကုန်းမြို့နယ် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီမှကြီးမှူး၍ တတိယအကြိမ်မြောက် ကျန်းမာရေး စောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်ခန်းမကြီး၌ ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့မှ အထွေထွေရောဂါအထူးကုဆရာဝန် ဒေါက်တာ ဒေါ်ရှုမွန် ဦးစီးသော စေတနာရှင် ဆရာဝန်(၆)ဦးနှင့် သူနာပြုဆရာမများနှင့် အရိုးအကြောအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးမောင်မောင်လွင် တို့သည် အများပြည်သူများအား ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုသွေးချို၊ အရိုး အကြောနှင့် အထွေထွေရောဂါများအား စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး၊ ဆေးဝါးများဖြင့် အခမဲ့ ကုသဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုကို ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသက်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်များက လာရောက်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး၊ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးခဲ့ကြရာ လူနာ ၄၄၀ ဦးကို ကုသမှုပေးနိုင်ခဲ့ကြောင်းသိရသည်။
ကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့)ပေးခြင်းကို ဇီးကုန်းမြို့နယ် ရပ်နီးရပ်ဝေး စေတနာအလှူရှင်များ စုပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ယခုအကြိမ်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)