ဇီးကုန်း အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း (၅)ခုအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်နေပြည်သူများ နွေရာသီတွင် ရေရှားပါးမှုမဖြစ်ပေါ်စေရေးနှင့် ဘေးအန္တရယ် ကင်းရှင်းပြီး သန့်ရှင်းသော သောက်သုံးရေရရှိစေရန်ရည်ရွယ်၍ အဆိုပါ ကျေးလက်ရေ ရရှိရေး လုပ်ငန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေ စုစုပေါင်း သန်း(၄၀.၆၂) ကျပ်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း(၅)ခုကို ဇီးကုန်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဇီးကုန်းမြို့နယ်အတွင်း အုတ်ဖိုကျေးရွာ၊ သဲကောကျေးရွာ၊ သစ်ဖြူပင်ကျေးရွာ၊ ချောင်းနားကျေးရွာနှင့် ကျွန်းတောကျေးရွာတို့တွင် တွင်းနက်တူးဖော်ခြင်း၊ ရေစက်ရုံတည် ဆောက်ခြင်းနှင့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ နွေရာသီ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေဘဲ ဘေးအန္တရယ်ကင်းရှင်းပြီး သန့်ရှင်းသော သောက်သုံးရေကို ရရှိနိုင်မည်ဖြစ်ကြောင်း ဇီးကုန်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်ထံမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)