ဇီးကုန်း သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုအကူအညီ၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းခွင့်ပြုရန်ပုံ ငွေကျပ်သိန်း ၁၇၀၀ နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ဇီးကုန်းမြို့နယ် အတွင်းရှိ ကျေးရွာ၁၇ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့် ကျေးရွာ ၁၇ ရွာမှာ ကူဖြူ ၊ ညောင်ဇင်၊ အလယ်ကုန်း၊ ညောင်ဝိုင်း၊ ညောင်ဝိုင်း(အနောက်)၊ အလယ်စု၊ ချောင်းကမ်းလေး ၊ ဝက်ကော်ရွာမသဲခုံ ၊ သစ်မျှောလေး၊ သဲကော၊ ကြားစု၊ လုံးလ ၊ မယင်းအနောက်စု ၊ မယင်းလက်ပံခုံ၊ သပြေစိန် ၊ အုတ်ဖို နှင့် သာပေါင်းကျေးရွာများဖြစ်သည်။ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများမှာ ၄၀၀ဗို့ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း(၆)ခု၊ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း (၈)ခု၊ မြေသားရေကန်အနက်နှိုက်ခြင်းလုပ်ငန်း (၈)ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၃)ခု နှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း (၂)ခု စုစုပေါင်း စီမံကိန်းလုပ်ငန်း(၂၇)ခုတို့ကို ၂၀၂၀−၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၇၀၀)၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် (၇၄)သိန်း၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၇၇၄)သိန်း ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင်ပါဝင်ပြီး ယခုနှစ်မတ်လမှစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၇−၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်းက Pilot Project အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၄၆ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်စဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်းနှင့်ကျေးရွာခန်းမ တည်ဆောက်ခြင်းအစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀)၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဇီးကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က ပြောပြခဲ့သည်။
ဖြိုးလေး


