ဇီးကုန်း ၁ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့တွင် ဩဂုတ် ၃၁ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဘော်ဘင်ဆည်နှင့် တောင်ညိုဆည် ရေပိုလွှဲရေများနှင့် တောင်ကျရေ၊ ကွင်းဆက်ရေများ စီးဝင်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေများဝင်ရောက်မှုကြောင့် ဇီးကုန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၈)အုပ်စုရှိ ကျေးရွာ(၂၁)ရွာနှင့် ရပ်ကွက်(၃)ခု တို့တွင် စုစုပေါင်းနေအိမ် (၁၄၃၄)လုံး၌ ရေ ၃ ပေခန့် ဝင်ရောက်လျက်ရှိပြီး အခြေခံပညာ မူလတန်းကျောင်း (၁၄)ကျောင်းနှင့် အ.လ.က(ခွဲ)ကျောင်း (၃)ကျောင်းကို ယာယီပိတ်ထားရကြောင်း ပညာရေးမှူးရုံးမှ သိရသည်။
ရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ သေကြေပျက်စီးမှု မရှိဘဲ ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုများသို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ ရပ်ကျေးအုပ်ချုပ်ရေမှူးများနှင့် အလှူရှင်များမှ ထမင်းထုပ်များ စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


