ဇီးကုန်း ၁၁ ဧပြီ

 

သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဘေးလျှော့ပါးစေရေးနှင့် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်စေရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် တောင်ပို့သာယာအုပ်စု ပေါက်ပင်ဆိပ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

44

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ဟောပြောရာ မြန်မာနိုင်ငံတွင် နှစ်စဉ် မတ်၊ ဧပြီနှင့် မေလများတွင် မိုးတိမ်တောင်များဖြစ်ပေါ်၍ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွခြေင်းများ ဖြစ်ပေါ်တတ်ကြောင်း၊ လေပြင်းတိုက်ခတ်၍ ပျက်ဆီးဆုံးရှုံးမှု လျှော့နည်းသက်သာစေရန်အတွက် မိမိတို့၏ နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကို ကြိုတင်စစ်ဆေးရန်နှင့် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ထားကြရန်၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်များကို ခုတ်ထွင်ရှင်းလင်းထားကြရန်နှင့် ပြင်ဆင်ဆောင်ရွက်ခြင်းအတွက် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုဝင်များကို ဦးစားပေး၍ ထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအတွင်းရှိ နေအိမ်အဆောက်အဦများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တိုင်း/ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြပြီး ဇီးကုန်းမြို့နယ်အတွင်းရှိ စပယ်မျှောင်၊ ရွှေကြို့ပင်၊ မကျီးပင်ဆိပ်၊ ပေါက်ပင်ဆိပ်၊ ကန္တလီ၊ ကံညီကို၊ တမံကြီး၊ ဘုရားပျိုကျေးရွာရှိ အိမ်ထောင်စု (၁၈၀) အတွက် ထောက်ပံ့ငွေကျပ် နှစ်ဆယ့်လေးသိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)