ဇီးကုန်း ၉ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြုခဲ့လုပ်သော အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲရလဒ် ထုတ်ပြန်နိုင်ရေးအတွက် လွှတ်တော်အသီသီးတွင် အရွေးခံလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးခြင်းစီရရှိသော ခိုင်လုံမဲများပြုစုထားသော ပုံစံ(၁၉)နှင့် ပုံစံ(၁၉-က) စာရင်းများကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည်။
လက်မှတ်ရေးထိုးရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၂)ဦး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း (သို့မဟုတ်) ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများ စုစုပေါင်း (၁၂)ဦးက ရွေးကောက်ပွဲမဲရလဒ်များကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မိုးဦးက “ပုံစံ(၁၉)သည် လွှတ်တော် သုံးရပ်ဖြစ်သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ ဖြစ်ပြီး၊ ပုံစံ(၁၉-က)သည် တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသော ခိုင်လုံမဲများကို ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အတည်ပြု လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်၊
တင့်ဆွေ(ပြန်/ဆက်)


