ဇီးကုန်း  ၁၄  မတ်  
    

 

ပဲခူးတိုင်းဒေသကြီး  ဇီးကုန်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးဖွင့်လှစ်သော ရှမ်းစကားပြောနှင့် ရှမ်းစာသင်တန်း ပို့ချခြင်းကို ဝက်ကော်အောက်ရှမ်းစု ဓမ္မရုံကျောင်းတိုက်တွင် ယနေ့နံနက် ၉ နာရီခွဲက ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) ရှမ်းစာပေနှင့် ယဉ်ကျေးမှု နာယက ဗိုလ်ကြီးစိုင်းသန်းဦးနှင့်အဖွဲ့ဝင်များ၊ ဇီးကုန်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်အားပေးခဲ့ကြသည်။
    

 

ရှေးဦးစွာ ဓမ္မရုံကျောင်းတိုက်ဆရာတော် ဦးကောသလက ဩဝါဒစကားချီးမြှင့်၍ ပဲခူးတိုင်းဒေသကြီးအနောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနာယက ဗိုလ်ကြီးစိုင်းသန်းဦး (ငြိမ်း)နှင့် ဇီးကုန်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု နာယကဦးစိုင်းသန်းမောင် တို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြားပြီး၊ ဇီးကုန်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုင်းမင်းဒင်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

 


အဆိုပါသင်တန်းများကို ၂၀၁၄ ခုနှစ်မှစတင်ကာ  သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖိုမြို့နယ်များတွင် နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပြီး၊ယခုနှစ်မှစတင်ကာ ဇီးကုန်း နတ်တလင်း၊သဲကုန်းမြို့နယ်တို့တွင် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
    

 

ရှမ်းစကားပြောနှင့် ရှမ်းစာသင်ကြားပို့ချခြင်းကို ပဲခူးတိုင်းအနောက်ခြမ်းခုနှစ်မြို့နယ်တွင် သင်ကြားပို့ချပေးပြီး၊ ဇီးကုန်းတွင်မတ်လ(၁၄) ရက်နေ့မှ မေလ(၁)ရက်နေ့အထိ ဆရာမ နန်းငြိမ်းဟောင်က သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ၊ သင်တန်းသား (၇၇)ဦးတက် လာရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။

 


တင့်ဆွေ(ဇီးကုန်း)

 

ိ