ဇီးကုန်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို (အမှတ်-၂)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေး ခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပြောကြားခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ အဆိုပါလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)