ဇီးကုန်း ၁၅ မေ
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်မှစ၍ အမှတ် (၁) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အသိပညာပေး လက်ကမ်း စာစောင် ဝေငှခြင်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ဇီးကုန်းမြို့ပေါ်ရပ်ကွက် နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားစေနိုင်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ပေးခဲ့သည်။
ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်အနီးအနား ပတ်ဝန်းကျင်ရှိ ခြင်ပေါက်ဖွားနိုင်သည့် ရေအိုင်ရေခွက်များ၊ ခြင်အောင်းနိုင်သည့် ခြုံများရှင်းလင်းရန်၊ ဆေးခြင်ထောင်များ အသုံးပြုရေး စသည့် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းကို ဇီးကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၉)တို့တွင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဇီးကုန်း(ပြန်/ဆက်)


