နေပြည်တော် အောက်တိုဘာ ၂၉
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်း(၁၀) နှစ်ပြည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တွဲလက်ညီညီဖြင့် ဇီဝမျိုးစုံမျိုး ကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည် ဖေါ်ဆောင်ရွက်ရာတွင် အောင်မြင် ကောင်းမွန်သော ရလဒ်များစွာရရှိခဲ့ပါကြောင်း၊ ယခု (၁၀) နှစ်ပြည့် အခမ်းအနားမှစ၍ အနာဂါတ်ကာလများတွင်လည်း နိုင်ငံ၏ သယံဇာတအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုး တက်စေရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ်သိပ္ပံအကယ်ဒမီ(CAS)မှ တာဝန်ရှိသူများက (၁၀) နှစ်ကြာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှု ရလဒ် များအား တင်ပြခြင်း၊ မြန်မာ နိုင်ငံမှ စီမံကိန်း လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ခြင်းတို့ ဆောင်ရွက်ကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီးနှင့် တရုတ်သိပ္ပံအကယ်ဒမီ (CAS)မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခများ၊ ကျောင်းသား ကျောင်းသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


