၂ ဇန်နဝါရီ

 

ကမ္ဘာ့လူဦးရေနှင့် စားနပ်ရိက္ခာ

 

ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှုကြောင့် လူဦးရေ လေးသောင်းခန့်မှာ နေ့စဉ်သေဆုံးနေကြရသည်။ လက်ရှိ ကမ္ဘာ့လူဦးရေသည် သန်းခုနစ်ထောင်ကျော်ရှိနေရာမှ ခရစ်နှစ် ၂၀၂၅ ခုနှစ်အရောက်တွင် သန်းရှစ်ထောင်ကျော် အထိရှိလာမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ခန့်မှန်း ထားသည်။ ၂၀၂၅ ခုနှစ်သို့ အရောက်တွင် တိုးပွားလာမည့် ကမ္ဘာ့လူဦးရေနှင့်အညီ စားနပ်ရိက္ခာ ဖူလုံစွာ ရရှိနိုင်ရေး အတွက် တစ်ကမ္ဘာလုံး၌ စားနပ်ရိက္ခာ ထွက်ရှိမှုနှုန်းသည် ၁၉၉၀ ပြည့်နှစ် အချိန်ကာလထက် ၈၀ ရာခိုင်နှုန်း ပိုမိုရန် လိုအပ်သည်။

 

တစ်နေ့တခြားတိုးပွားလာမည့် ကမ္ဘာ့လူဦးရေအတွက် ကောက်ပဲသီးနှံနှင့် သားငါး ထုတ်လုပ်မှုကို သိသာစွာ တိုးမြှင့်ပေးနိုင်ရန်မှာ စိုက်ပျိုးမြေများကို တိုးချဲ့ရုံမျှဖြင့်၊ လယ်ယာသားငါးကဏ္ဍကို ချဲ့ထွင်ရုံ မျှဖြင့် ဆည်မြောင်း တာတမံများကို ထပ်တိုးတည်ဆောက်ရုံမျှဖြင့် စွမ်းဆောင် နိုင်မည် မဟုတ်ပေ။ တစ်ခုတည်းသော ဖြေရှင်းပေးနိုင်မည့် နည်းလမ်းမှာ အထွက်တိုး ဇီဝနည်းပညာသာလျှင် ဖြစ်ပေသည်။

 

ကမ္ဘာပေါ်ရှိချမ်းသာသောနိုင်ငံများ၌ ဖြစ်ပေါ်နေသော လိုအပ်သည်ထက် ပိုမိုစားသုံးနေမှုနှင့် အလေအလွင့်ဖြစ်မှု များသည်လည်းကောင်း၊ ဆင်းရဲသောနိုင်ငံများ၌ ဖြစ်ပေါ်နေသည့် တစ်နေ့တခြား လူဦးရေ တိုးပွားလာမှုသည်လည်းကောင်း ကမ္ဘာ့လူသားအားလုံးတို့ အမှီသဟဲပြုနေ ကြရသော ဂေဟစနစ်အပေါ်ကြီးစွာသော ဝန်ထုပ်ဝန်ပိုးကြီးကို ဖြစ်လာစေသည်။ တိုးပွားလာသော ကမ္ဘာ့လူဦးရေ နှင့် လိုက်လျောညီထွေဖြစ်စေရန် ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် သားငါး မွေးမြူထုတ်လုပ်မှုတို့ကို အလျဉ်မီအောင် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး တို့သည် အခြေခံအကျဆုံးနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်သော အရေးကြီးသည့် လုပ်ငန်းများ ဖြစ်ကြသည်။

 

စိုက်ပျိုးရေးဟူသည်မှာ လူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့ ဆုံစည်းပေါင်းစပ်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ စိုက်ပျိုးရေးလုပ်သား၊ စိုက်ပျိုးမြေ၊ ကောက်ပဲ သီးနှံမျိုးစေ့၊ ရေနှင့် လက်သုံးကိရိယာများ၊ စက်မှုလယ်ယာသုံး စက်ယန္တရားများ၊ သဘာဝမြေသြဇာများနှင့် ဓာတုမြေဩဇာများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ စသည်တို့သည် စိုက်ပျိုးရေးဟူသော လုပ်ငန်းစဉ်ကြီးထဲတွင် မလွဲမသွေ ပေါင်းဆုံရ စမြဲဖြစ်သည်။

 

စားနပ်ရိက္ခာအထွက်နှုန်း တိုးမြင့်စေရန် တိုးပွားလာမည့် ကမ္ဘာ့လူဦးရေကို ကြိုတင်မျှော်မှန်းပြီး စားနပ်ရိက္ခာအထွက်နှုန်း တိုးမြင့်လာစေရေးအတွက် နိုင်ငံတကာ စိုက်ပျိုးရေးသုတေသနဆိုင်ရာ အကြံပေးအဖွဲ့ (Consultative Group on International Agricultural Research)ကို ၁၉၇၁ ခုနှစ်ကပင် စတင် ဖွဲ့စည်းခဲ့သည်။

 

ကမ္ဘာ့နိုင်ငံ အများအပြားပါဝင်သော ထိုအဖွဲ့ကြီးက ဆင်းရဲသူ ငတ်မွတ်ခေါင်းပါးသူများအတွက် စားနပ် ရိက္ခာ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရန် ဦးတည်ချက်ဖြင့် ခေတ်အမီဆုံးနှင့် အထိရောက်ဆုံးသော စိုက်ပျိုးရေးနည်းပညာများကို ဖြန့်ဝေပေးလျက်ရှိသည်။ ထိုအဖွဲ့ကြီးတွင် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းပေါင်း ၅၈ ခု ပါဝင်ပြီး နိုင်ငံတကာ စိုက်ပျိုးရေး သုတေသနစခန်း ၁၆ ခုကို ပံ့ပိုး ဖြည့်ဆည်းပေးလျက်ရှိသည်။

 

နိုင်ငံတကာ စိုက်ပျိုးရေး သုတေသနစခန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသား စိုက်ပျိုးရေးသုတေသန လုပ်ငန်းများ (National Agricultural Research Systems)၌ အသုံးပြုနိုင်ရန် ခေတ်အမီဆုံးသော မျိုးစပ်ပစ္စည်းကိရိယာများကို တီထွင်ထုတ်လုပ်ပေးလျက်ရှိကြသည်။ ထိုကိရိယာများသည် ဆင်းရဲသော လယ်သမားများအား စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများနှင့် ဆင်းရဲသောနိုင်ငံများ၏ အစိုးရအစီအစဉ်များဖြင့် ခြွင်းချက်မရှိ ရယူနိုင်ကြသည်။

 

အစိမ်းရောင်လှုပ်ရှားမှုများ ထိုအဖွဲ့ကြီးက ဦးစီးဦးဆောင် ကမကထပြုနေသော ကောက်ပဲသီးနှံ ဖူလုံစွာထွက်ရှိရေးကို ဦးတည်ထားသည့် အစိမ်းရောင်လှုပ်ရှားမှု (Green Operation)သည် ကမ္ဘာ့ လူဦးရေ သန်းပေါင်းများစွာကို အစာရေစာဝလင်အောင် ကျွေးမွေးနိုင်မည့် စီမံချက်ကြီးတစ်ရပ်ဖြစ်သည်။ ဇီဝ နည်းပညာ၏အသီးအပွင့်ဖြစ်သော မျိုးဗီဇတော်လှန်ရေးကမူ အစာကိုလည်း ဝစေသလို စီးပွားဥစ္စာကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်၍ ထိုအဖွဲ့ကြီး၏ အစိမ်းရောင်လှုပ်ရှားမှုကို နောက်ကွယ်မှနေ၍ ကောင်းစွာအကျိုးပြုနိုင်မည် ဖြစ်သည်။

 

ဇီဝနည်းပညာသည် အပင်နှင့် တိရစ္ဆာန်တို့၏ အရေအတွက်နှင့် အရည်အသွေးတို့ကို လျင်မြန်စွာ တိုးပွား မြင့်မားလာအောင် စွမ်းဆောင်ပေးနိုင်သည်။ ရယူလိုသော မျိုးများကို သမားရိုးကျ မျိုးပွားနည်းဖြင့် ခွဲခြား ပေါင်းစပ်ရသော အချိန်ကာလများကို ဇီဝနည်းပညာကများစွာ တိုတောင်းသွားစေသည်။ ဇီဝနည်းပညာ၏အစွမ်းကြောင့် အပင်မျိုးစပ်မှု လုပ်ငန်းများ၌ ပို၍ တိကျသေချာအောင် လုပ်ဆောင်လာနိုင်သလို ထွက်ပေါ်လာသည့် မျိုးများ၏ အရည်အသွေးကိုလည်း ယခင်ကထက်ပို၍ နီးနီးစပ်စပ် ခန့်မှန်းတွက်ချက်လာနိုင်ပြီဖြစ်သည်။

 

ဇီဝနည်းပညာ၏ လုပ်ဆောင်နိုင်စွမ်း မိုးခေါင်ရေရှားမှုဒဏ်ကိုခံနိုင်သော အပင်များ၊ ဆား ဓာတ်လွန်ကဲသောမြေပေါ်၌ ပေါက်ရောက်ရှင်သန်နိုင်သော အပင်များနှင့် သီးနှံဖျက် ပိုးမွှားများ၏ဒဏ်ကို ခံနိုင်သော အပင်များကို ဇီဝနည်းပညာဖြင့် ဖန်တီးနိုင်သည်။ မူလအပင်မျိုး၏ ထူးခြားသောလက္ခဏာများကို မျိုးဗီဇနည်းဖြင့် ပြောင်းလဲပေးပြီး အချိန်ကာလ စောစီးစွာ သီးပွင့်နိုင် အောင်လည်း ဇီဝနည်းပညာက လုပ်ဆောင်ပေးနိုင်သည်။

 

အလားတူပင် စိုက်ပျိုးပေါက်ရောက်နိုင်သည့် မြေအမျိုးအစား အကန့်အသတ်ရှိသော အပင်မျိုးများကို ဇီဝနည်းပညာအသုံးပြုပြီး ပြောင်းလဲထုတ်လုပ်ပေးနိုင်သဖြင့် နေရာဒေသမရွေး ပြောင်းရွှေ့ကာ စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။ ဇီဝနည်းပညာသည် ကောက်ပဲသီးနှံများ၏ အာဟာရတန်ဖိုးကို မြင့်မားအောင်လည်း စွမ်းဆောင်ပေးနိုင်သည်။ လက်ရှိအားဖြင့် မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများသည် ဇီဝနည်းပညာ သုတေသနလုပ်ငန်းများမှ ထွက်ပေါ်လာသော ရလဒ်ကောင်းများပင်ဖြစ်သည်။

 

ဒုတိယထောင်စုနှစ် ကုန်ဆုံးလုဆဲဆဲ ကာလတွင် မျိုးဗီဇ အသွင်ပြောင်းထားသော ကောက်ပဲသီးနှံများကို စိုက်ပျိုးသည့် မြေဧရိယာမှာ သိသာစွာ တိုးပွားများပြား လာခဲ့သည်။ တိုးပွားလာသည့် စိုက်ပျိုးမြေဧရိယာ အများစုသည် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများ၌ဖြစ်ပြီး မျိုးဗီဇ အသွင်ပြောင်းထားသည့် ပဲပိစပ်၊ ပြောင်းဖူး၊ ဝါဂွမ်း၊ ဆီထွက် မုန်ညင်းနှင့် အာလူးတို့သည် အများဆုံးစိုက်ပျိုးသော သီးနှံများဖြစ်ကြသည်။ တိုးချဲ့စိုက်ပျိုးသည့် ကောက်ပဲ သီးနှံများအနက် ပေါင်းသတ်ဆေးဒဏ်ကို ခံနိုင်သော အပင်မျိုးများက ၇၀ရာခိုင်နှုန်းကျော် ရှိနေပြီး ပိုးမွှားဒဏ်ခံနိုင်သော အပင်မျိုးများက ၃၀ ရာခိုင်နှုန်းခန့် ရှိနေသည်။

 

ဇီဝနည်းပညာ၏ အကျိုးကျေးဇူးများ

 

ပိုးမွှားဒဏ်ခံနိုင်သော အပင်မျိုးများသည် သီးနှံဖျက် ပိုးမွှားများကို တိုက်ထုတ်ပေးနိုင်သည့် အဆိပ်ဓာတ် တစ်မျိုးကို ထုတ်ပေးနိုင်အောင် ဇီဝနည်းပညာဖြင့် မျိုးဗီဇအသွင်ပြောင်းထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ အဆိပ်ဓာတ်ကို ထုတ်ပေးနိုင်အောင် မျိုးဗီဇအသွင်ပြောင်းထားသည့်အတွက် ပိုးသတ်ဆေးသုံးစွဲရမှုပမာဏများစွာ လျော့ကျ လာသဖြင့် ပိုးသတ်ဆေးအတွက် သုံးစွဲရသည့် စရိတ်စက များကို လျှော့ချလာနိုင်ကာ စိုက်ပျိုးသည့် တောင်သူတို့ကို စီးပွားရေး ချောင်လည်လာစေသည်။

 

ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် ဗီတာမင်အေနှင့် သံဓာတ် များစွာပါဝင်အောင် ဇီဝနည်းပညာဖြင့် မျိုးဗီဇ အသွင်ပြောင်းထားသော စပါးမျိုးကို ဓာတ်ခွဲခန်း၌ ဖန်တီးထုတ်လုပ်နိုင်ခဲ့ကြသည်။ ယင်းကဲ့သို့သော ဇီဝနည်းပညာ ဖန်တီးမှုသည် ကမ္ဘာပေါ်၌ ဆန်ကို အဓိကထား၍ စားသုံးနေသော လူသန်းပေါင်း ၂၄၀၀ တို့အတွက် ကလေးသူငယ်များတွင် ဖြစ်ပွားတတ်သည့် မျက်စိကွယ်ခြင်းနှင့် သွေးအားနည်းခြင်း အန္တရာယ်များမှ အစဉ်ထာဝရ ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

 

နိုင်ငံတကာ စိုက်ပျိုးရေး သုတေသနဆိုင်ရာ အကြံပေးအဖွဲ့ကြီးက ဦးဆောင်ဦးရွက်ပြုနေသော ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး အစိမ်းရောင်လှုပ်ရှားမှုကြီးကို ကျားကန်ပေးနေသည့် မျိုးဗီဇတော်လှန်ရေး၏အနှစ်သာရ ဖြစ်သော ဇီဝနည်းပညာသည် စားနပ်ရိက္ခာ ဖူလုံစွာထွက်ရှိရေးကို ကောင်းစွာ အထောက်အပံ့ပြုနေရုံမျှမက ကမ္ဘာ့လူသားတို့၏ နှလုံးသည်းပွတ်ထဲ၌ အရိုးစွဲနေသော အယူအဆများကိုပါ ပြောင်းလဲပေးနိုင်လိမ့်မည်ဖြစ်သည်။

 

ဆင်းရဲသူများနှင့် ခိုကိုးရာမဲ့နေသူများ၏ဘဝသည် အခွင့်အရေးဆုံးရှုံးမှုနှင့် ထပ်တူကျနေသည် ဟူသော၊ ဆင်းရဲမွဲတေသူများသည် ဒုက္ခသုက္ခများနှင့် အမြဲသဖြင့် ရင်ဆိုင်ကြရလိမ့်မည်ဟူသော အရိုးစွဲနေသည့် ယုံကြည်မှုများကိုပါ ဇီဝနည်းပညာက အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲပေးလိုက်နိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။ ။

 

သိပ္ပံစာရေးဆရာကိုကိုအောင်