ကလေး ၆ ဧပြီ
ဇိုမီးဂီတ ဝါသနာရှင် လူငယ်အဖွဲ့၏ ကြီးမှူးဦးဆောင်မှုဖြင့် ချင်းပြည်နယ်နှင့် အနယ်နယ်အရပ်ရပ်မှ ဇိုမီးဂီတ အနုပညာ ပါရမီရှင်များ စုစည်း၍ ဒုတိယအကြိမ်မြောက် ဇိုမီးဂီတပွဲတော်(Zomi Guitar Festival 2018)ကို ဧပြီ ၅ ရက် ည ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တပ်ဦးသီတာ ရပ်ကွက်၊ ဂါလိလဲခန်းမ(Galiee Hall) အတွင်း စည်ကားစွာ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သိက္ခာတော်ရဆရာ သွင်ဆွင်းထန်က ဂီတပွဲတော် အဖွင့်ဆုတောင်း ဆက်ကပ်ပေး ပြီးနောက် အနယ်နယ် အရပ်ရပ်မှ လာရောက်ပါဝင်ကြသော ပင်တိုင်လိဒ် ဂီတာသမား ၁၁ ဦးတို့က တစ်ဦးချင်းအလိုက် လိုက်ပါလာကြသည့် တေးဂီတအဖွဲ့များနှင့်အတူ သံစုံတီးဝိုင်းဖြင့် လိဒ်ဂစ်တာ(Lead Guitar) လက်စွမ်းပြ တီးခတ်ခြင်း (Instrumental Show) နှင့် ဒေသခံ အဆိုဝါသနာရှင်များက သီဆိုဖျော်ဖြေကြခြင်း တို့ဖြင့် ဂီတအနုပညာ စွမ်းရည်ကိုယ်စီပြသကြရာ ဂီတဝါသနာရှင် မိဘ ပြည်သူ အများအပြား စိတ်ဝင်စားစွာ ကြည့်ရှုအားပေးကြသည်။
“ဂီတအနုပညာ ပါရမီရှင်တွေရဲ့ လက်သံပြောင်မြောက်မှုနဲ့ နားဝင်ချို သာယာငြိမ့်ညောင်းတဲ့ ဖျော်ဖြေတီးခတ်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့ ပွဲတော်ကြီးကို ပရိသတ်က အသိအမှတ်ပြု ကြပါတယ်။ ဂီတသမားတွေ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှုရှိပြီး စည်းစည်းလုံးလုံးနဲ့ အနုပညာ လမ်းကြောင်းကို လက်တွဲလျှောက်လှမ်း သွားကြစေဖို့ ဝါသနာရှင် မိဘပြည်သူတွေရဲ့ တောင်းဆိုမှုအရ အခါအားလျော်စွာ အခုလိုမျိုးပွဲတော်ကို ဆက်လက် စီစဉ်ကျင်းပနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ဂီတပွဲတော် ဖြစ်မြောက်ရေး တာဝန်ခံနှင့် ကိုယ်တိုင်တီးခတ်သူ လိဒ်ဂီတာသမား ကိုဂင့်ပီးကပြောသည်။
အဆိုပါ ဇိုမီးဂီတပွဲတော်ကို ယခင်နှစ်က G FORCE ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဂစ်တာ တီးခတ်ကြသူများသည် တော်၍၊ တတ်၍၊ ကျွမ်းကျင်၍ ယှဉ်ပြိုင်တီးခတ်ကြခြင်း မဟုတ်ကြောင်း၊ မိမိတတ်ကျွမ်းသည့် ဂီတကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြခြင်းဖြစ်ကြောင်း၊နောင်လာနောက်သားများ အနေဖြင့် ဂီတအနှစ်သာရကို နားလည်ကာ ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာ အနေဖြင့် အနာဂတ် လူငယ်များအား လမ်းပြလက်တွဲခေါ်ယူခြင်း ဖြစ်ကြောင်း၊ လူငယ်များ ကိုယ်တတ်ကျွမ်းသည့် အနုပညာဖြင့် လေလွှင့်မသွားဘဲ စည်းကမ်းပြည့်ဝသော ဂီတသမားကောင်းများပေါ် ပေါက်လာစေချင်သည့် အဓိက ရည်ရွယ်ချက် တစ်ခုဖြစ်ကြောင်းဖြင့် ကိုဂင့်ပီးက ဆက်လက်ပြောပြ၍သိရသည်။
ချင်းတွင်းသား