J&J က ထုတ်လုပ်တဲ့ ကလေးပေါင်ဒါမှုန့်ထဲမှာ အက်စ်ဘတ်တို ဓါတုပစ္စည်းပါဝင်ကြောင်း သတင်းထုတ်ပြန် ပြီးနောက် ရှယ်ယာဈေးကျ

၁၈ ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံရဲ့ ဆေးဝါးနဲ့ အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ Johnson & Johnson ကုမ္ပဏီ ကထုတ်လုပ်တဲ့ ကလေးပေါင်ဒါမှုန့်ထဲမှာ အက်စ်ဘတ်တို ဓါတုပစ္စည်း ပါဝင်တဲ့အကြောင်း သတင်းတွေ ထွက်လာပြီးနောက်  ကုမ္ပဏီ ရှယ်ယာဈေးကွက်မှာ ဈေးနှုန်းတွေ ကျသွားပါတယ်။ 

 

 

J&J ကုမ္ပဏီထုတ် ကလေးပေါင်ဒါမှာ အက်စ်ဘတ်တို (မီးလောင်ခံနိုင်တဲ့ အမျှင်ထူတဲ့ ဒြပ်ပေါင်း) ပါဝင်မှုကို ဆယ်စုနှစ်ချီပြီး ထိန်ချန်ထားကြောင်း သတင်းမှာရေးသားထားပါတယ်။ ဒီသတင်းကို ရိုက်တာ သတင်းဌာနက နှစ်ရှည်လများစွာ စုံစမ်းမေးမြန်းပြီးမှ လက်ခံရရှိတဲ့ ကုမ္ပဏီရဲ့ ထောင်နဲ့ချီ စာရွက်စာတမ်းတွေပေါ် အခြေခံပြီး သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အနည်းဆုံး ၁၉၇၁ ခုနှစ်ကနေ ၂၀ဝ၀ ခုနှစ် အစောပိုင်းအထိ Johnson & Johnson ကုမ္ပဏီထုတ် ကလေးပေါင်ဒါမုန့်မှာ အက်စ်ဘတ်တို ဓါတုပစ္စည်း ပါဝင်တဲ့အကြောင်း၊ ဒီလိုပါဝင်မှုကို ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သုတေသနမှူးတွေ၊ ဆရာဝန်တွေနဲ့ ရှေ့နေတွေက သိခဲ့ပေမယ့် ထုတ်ဖော်မပြောခဲ့ကြဘဲ သတင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ထိန်ချန်ထားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

အက်စ်ဘတ်တို အမျိုးစားတိုင်းဟာ အဆုတ်၊ အသံအိုးနှင့် သားအိမ်ကင်ဆာတို့ ဖြစ်စေနိုင်သလို mesothelioma ရောဂါလည်း ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဝက်ဆိုက်မှာရေးသားထားပါတယ်။ 

 

ပြီးခဲ့တဲ့ သောကြာနေ့က ကုမ္ပဏီရဲ့ ရှယ်ယာဈေးမှာ နှစ်ပေါင်း ၁၆ နှစ်အတွင်း အနိမ့်ဆုံးထိ ကျဆင်းခဲ့ပါတယ်။ 

 

J&J ကုမ္ပဏီကို ကလေးပေါင်ဒါမှုန့် သုံးခဲ့ခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်စေခဲ့တယ်လို့ ဆိုပြီး ထောင်နဲ့ချီတဲ့ တရားရုံးတွေမှာ တရားစွဲဆိုထားပါတယ်။ J&Jက ထုတ်တဲ့ ပေါင်ဒါမှုန့်ကို အသုံးပြုခဲ့ခြင်းကြောင့် သားအိမ်ကင်ဆာဖြစ်နေတဲ့ အမျိုးသမီး ၂၂ ဦးကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ ပြီးခဲ့ဂျူလိုင်က ပေးခဲ့ပါတယ်။ 

 

J&J က ကင်ဆာဖြစ်စေတဲ့ သတ္တုဓါတ်တွေ မပါဝင်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါ့အပြင့် သူတို့အနေနဲ့ အမေရိကန် FDAအပါအဝင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေကနေ သတင်းအချက်လက် တောင်းဆိုခဲ့ရင် သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ပေးခဲ့တာလည်း ဆယ်စုနှစ်ချီ ကြာမြှင့်ပြီဖြစ်ကြောင်း ပြောကြားပါတယ်။ 

 

MDN
ကိုးကား- AFP & WHO