နေပြည်တော်၊ ၁၉ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုအောင်မြင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ဝန်ထမ်းများအား ဇလဘူမိဗေဒနှင့် တွင်းတူးနည်းပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က သင်တန်းအဖွင့် အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်၊ ယခင်က ကျေးလက်ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် ဇလဘူမိဗေဒနှင့် တွင်းတူးပညာရှင် အငြိမ်းစားဆရာကြီးများနှင့် ယူနီဆက်မှ ပညာရှင်များက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားပါသည်။
အဆိုပါ ဇလဘူမိဗေဒနှင့် တွင်းတူးနည်းပညာသင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဝန်ထမ်းများနှင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များရှိ ဝန်ထမ်းများ စုစုပေါင်း ၇၀ ဦးကို ဇန်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေးရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


