ဇလွန် ၁၃ ဇွန်
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ် ဖက်သောင်ကျေးရွာအုပ်စုတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) စံကွက်ရိတ်သိမ်းခြင်းနှင့် စပါးစိုက်ဧက ၁၃ ဧက ထယ်ထိုး၊ ထွန်မွှေ၊ မြေမြှုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ မွန်းလွဲ ၂ နာရီက ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဖက်သောင်ကျေးရွာအုပ်စုတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထားသည့် တောင်သူများနှင့် တွေ့ဆုံခဲ့ပြီး အကျိုးတော်ဆောင် တောင်သူ ဦးတင်နိုင်ထွန်း၏ စံပြကွက်တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထယ်ထိုး၊ ထွန်မွှေ၊ မြေမြှုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြသည်။
ဇလွန်မြို့နယ်အတွင်း ပိုက်ဆံလျှော်စိုက်ပျိုး၍ သစ်စိမ်းမြေသြဇာအဖြစ် ပြန်လည်အသုံးပြုကာ စပါးစိုက်ပျိုးခြင်းကို ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှ စတင်ကာ လယ်မြေဧက ၃၀ ကို စမ်းသပ်စိုက်ပျိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၃၉၆ ဧကအထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း၊ တောင်သူများ ဓာတုဓာတ်မြေဩဇာများကို နှစ်အကြာအသုံးပြုနေကြပြီး လယ်မြေများ ပျက်စီးလာသည့်အတွက် ပိုက်ဆံလျှော်စိုက်ပျိုး၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်အောင် တောင်သူပညာပေး ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
ဇလွန်မြို့နယ်အတွင်း ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) စိုက်ပျိုးလိုသူ တောင်သူလယ်သမားများအား ပိုက်ဆံလျှော်မျိုးစေ့ တစ်ဧကစိုက်ပျိုးရန် လေးပြည်ကို အခမဲ့ပေးဝေကြောင်းနှင့် စိုက်ပျိုးလိုသူများအနေဖြင့် ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်ရယူနိုင်ကြောင်း ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


