ဇလွန်၊ ၁၅ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးအပြီး ဒုတိယသီးနှံအဖြစ် ဆောင်းနှမ်း ဧက ၃၀ဝ ခန့်ကို ထုံးတပို၊ ရေလဲ၊ အရှေ့လေးတူး၊ မေရီလန်းနှင့် နန်းတော်ကျွန်း ကျေးရွာအုပ်စုတို့တွင် စိုက်ပျိုးထားရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ်သည် မိုးစပါးအပြီး မတ်ပဲသီးထပ်ကိုသာ အဓိကအားထားစိုက်ပျိုးခဲ့ပြီး ယခင်နှစ်မှစ၍ ဆောင်းသီးနှံအဖြစ် နှမ်းကို စမ်းသပ်စိုက်ပျိုးခဲ့ရာ ဈေးကွက်ခိုင်မာပြီး တောင်သူများ ဝင်ငွေ ကောင်းသဖြင့် ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးလာကြသည်။ ဇလွန်မြို့နယ်တွင် အများဆုံး စိုက်ပျိုးသည့် နှမ်းမျိုးမှာ စမုံနက်နှမ်းမျိုးဖြစ်ပြီး တစ်ဧက ပျှမ်းမျှ ၁၀ တင်းနှုန်းထွက်ရှိပြီး စိုက်ပျိုးစရိတ်၊ အပင်ပြုစု စောင့်ရှောက် ကုန်ကျစရိတ်များ သက်သာကာ ဈေးကွက်ခိုင်မာ ဝင်ငွေကောင်းသဖြင့် တိုးချဲ့စိုက်ပျိုး လာကြကြောင်း သိရသည်။
ဇလွန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ယခုနှစ်တွင် စမုံနက်နှမ်းမျိုးအပြင် မကွေးနှမ်းနက်မျိုး ၂/၁၄ ကို နှမ်းစိုက်တောင်သူများအား ဖြန့်ဝေ၍ နှမ်းအထွက်တိုးရေး နည်းပညာများကို ကွင်းဆင်း အသိပညာပေး ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်များတွင် (GAP)လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုး၏ ပြောပြချက်အရ သိရသည်။
ဝေယံ (ပြန် / ဆက်)


