ဇလွန် ၂၆ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပရေး ညှိ့နှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က ဇလွန်မြို့နယ်တွင် ကလေးစာပေပွဲတော်ကို ပထမဆုံး  ကျင်းပခြင်းဖြစ်ကြောင်း ၊ ကျောင်းနေအရွယ် ကလေးငယ်များ ကလေးစာပေပွဲတော်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာသိရှိပြီး  အများစု  ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန် ရည်ရွယ်၍  မြို့မိမြို့ဖများနှင့်အလှူရှင်များ ပူးပေါင်း၍ ကလေးစာပေပွဲတော်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သိန်းက ကလေးစာပွဲတော်နှင့် ပတ်သက်သည့် လုပ်ငန်းများနှင့်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဇလွန်မြို့နယ်တွင် ကလေးစာပေပွဲတော်ကို နိုဝင်ဘာလ ၁ ရက် နေ့မှ ၂ ရက်နေ့အထိပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)