ဇလုံတောင်တော်ပေါ်ရှိ နှစ်ပေါင်း ၁၀၃ နှစ် သက်တမ်းရှိ ကြေးခေါင်းလောင်း

အင်းတော် ၁၀ ဧပြီ 

 

စစ်ကိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ သလွန်တောင်(ဇလုံတောင်)တော်ပေါ်ရှိ ကြေးခေါင်းလောင်းသည် နှစ်ပေါင်း ၁၀၃ နှစ် သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။

 

သလွန်တောင်(ဇလုံတောင်)တော်၏ အမည်သတင်းမှာ ထူးခြားအံ့ဖွယ်ရာ ဂုဏ်ထူးဝိသေသများကြောင့် အထက်မြန်မာနိုင်ငံ၌သာမက မြန်မာတစ်နိုင်ငံလုံးတွင် ကျော်စောထင်ရှား ပျံ့နှံ့လျက်ရှိသည်။

 

သလွန်တောင်(ဇလုံတောင်)တော်သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် ၁၃ မိုင်ခန့်အကွာ တောအတွင်း ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၉၀ ရှိသော တောင်ပေါ်တွင် တည်ရှိသည်။

 

အတောင် ၄၄၄ တောင်အမြင့်ရှိသည့် အဆိုပါတောင်တော်တွင် ပွင့်တော်မူလတ္တံသော ငါးဆူမြောက် အရိမေတ္တေယျဘုရားပွင့်မည့် မြတ်ဗုဒ္ဓ၏ သလွန်တောင်ဟုခေါ်ခဲ့ပြီး နောင်တွင် ဒေသခံများက ဇလုံမှောက်ထားသည်နှင့် တူ၍လည်းကောင်း ဘုန်းကြီးဦးသာအေးက “အောင်ကျော်အေးအောင် ဇလုံတောင်” ဟု သာသနာပြု မော်ကွန်းတင်ခဲ့၍လည်းကောင်း ဇလုံတောင်ဟု ခေါ်ခဲ့ကြသည်။ လွန်ခဲ့သောနှစ် ၉၀ ကျော်က မြေပုံညွှန်းတွင်လည်း သလွန်တောင်ဟု ဖော်ပြထားပါသည်။

 

ထိုတောင်တော်ပေါ်၌ သက္ကရာဇ် ၄၉၂ ခုနှစ်တွင် အရှင်ဓမ္မဒသီ အမည်ရှိသော အရှင်အရဟံ ရဟန္တာအရှင်မြတ်နှင့် တပည့် အရှင်အာစာရမထေရ်မြတ် နှစ်ပါးသည် ဂေါဒေါပလ္လင် သလွန်တောင်သို့ ကြွရောက်တော်မူလာပြီး တောင်တော်ပေါ်၌ အောင်ဆုယူစေတီတော်များကို ဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့သည်။ ဤကျောက်တောင်ကြီးပေါ်တွင် ဘုရားတည်ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်ကဖြစ်သည့်အတွက် နှစ်ပေါင်း ၉၀ဝ ကျော် ကြာခဲ့ပြီဖြစ်သည်။

 

ထိုမှ ဝိဇ္ဇာမဟိဒ္ဓိအရှင်ဟု မြန်ပြည်တစ်ခွင် ပေါ်လွင်ထင်ရှားသော ဘုန်းကြီးဦးသာအေးသည် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဂေါဒေါပလ္လင် သလွန်တောင်တော်သို့ ကြွရောက်တော်မူလာပြီး ရဟန္တာအရှင်နှစ်ပါးတည်ထား၍ ပျက်စီးယိုးယွင်းနေသော အောင်တော်မူ အောင်ဆုယူ စေတီတော်မြတ်များကို မွမ်းမံပြုပြင်ကိုးကွယ်၍ “အောင်ကျော်အေးအောင် ဇလုံတောင်”ဟု သာသနာပြု မော်ကွန်းတင်ခဲ့သည်။

 



ထိုမှ သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် စက်တောကိုးဌာနဂိုဏ်းဝင် ကန်ရွာကျောင်းဆရာတော်နှင့် တိုက်သူကြီး ဦးရွှေသီး ဝေးနီးမြို့ ရွာဒါယကာတို့က ကြေးချိန် ၂၅ ပိဿာရှိ ကြေးခေါင်းလောင်းသွန်းလုပ်ပြီး သလွန်တောင်(ဇလုံတောင်)တော် ကျောက်တောင်ကြီးပေါ်၌ ထူးခြားစွာ ပေါက်ရောက်နေသည့် တရုတ်စကားပင်ကြီး၌ ချိတ်ဆွဲလှူဒါန်းခဲ့ကြသည်။

သလွန်တောင်(ဇလုံတောင်)တော် ကျောက်တောင်ကြီးပေါ်ရှိ တရုတ်စကားပင်ကြီး၌ ကြေးခေါင်းလောင်း ချိတ်ဆွဲလှူဒါန်းခဲ့သည်မှာ သက္ကရာဇ် ၁၂၇၆ ခုနှစ်ကဖြစ်သည့်အတွက် ယခုအခါ ကြေးခေါင်းလောင်းသည် နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိခဲ့ပြီဖြစ်ရာ သလွန်တောင်(ဇလုံတောင်)တော်သို့ ဘုရားဖူးလာပြည်သူများ အနေဖြင့် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

“ဇလုံတောင်ဘုရားဖူးလမ်းက ကျောက်ချောလမ်း ကတ္တရာလမ်းဖြစ်လာရင် ပုပ္ပားတောင်၊ ကျိုက်ထီးရိုးဘုရား တို့ကဲ့သို့ နိုင်ငံကျော်၊ ကမ္ဘာကျော် ဘုရားတစ်ဆူ ဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။ သလွန်တောင်(ဇလုံတောင်)တော်ဆီ ဘုရားဖူးလာရောက်လေ့လာရင်း လမ်းတိုးတက်ကောင်းမွန်ရေး၊ ဇရပ်တန်ဆောင်း ရေမီးများပိုမိုပြည့်စုံရေး ပါဝင်လှူဒါန်းကြစေလိုပါတယ်”ဟု ဘုရားဖူးလာတစ်ဦးက ပြောသည်။ 

ဦးကိုမင်း